ပြေးလမ်းပေါ်ရောက် ရွာငံကော်ဖီ ကမ္ဘာဆီသို့

mdn

ထွန်းထွန်းဝင်း(မုံရွာ)

 

သဘာဝကပေးထားသော တောတောင်ရေမြေများနှင့် အလှတရားများကို ပိုင်ဆိုင်ထားပြီး အပျိုစင်ဒေသဟု လူသိများသော ရွာငံမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄၀၈၂ပေ တွင် တည်ရှိပြီး အလွန် အေးချမ်းသာယာသောကြောင့် ခရီးသွားများနှင့် စိုက်ပျိုးထုတ်လုပ်ရင်းနှီးမြှုပ်နှံသူများစွာ စိတ်ဝင်တစား ရှိလာ ကြသည်။

 

အများစုမှာ ယခုနောက်ပိုင်းတွင် ဆန်းသစ်သော စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို လေ့လာပြီး စနစ်ကျ သော စိုက်ပျိုးရေး လုပ်ငန်းများကို ဦးတည်လုပ်ကိုင်လာကြရာ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုသည်လည်း အဓိက အခန်းကဏ္ဍတစ်ရပ်အဖြစ် ရင်းနှီးလုပ်ကိုင်လာကြသည်။ ရွာငံမြို့နယ်၏ ကော်ဖီလုပ်ငန်းသည် လွန်ခဲ့သော သုံးနှစ် ခန့်အတွင်း အဆပေါင်းများစွာ လျင်မြန်စွာ ကြီးထွားဖွံ့ ဖြိုးလာပြီး ကော်ဖီကို တစ်ယောက်ချင်းအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ယခုအခါတွင် စိုက်ဧကများ စီးပွားဖြစ် ဆယ်ချီ၊ ရာချီ စိုက်ပျိုးလာသော ကြောင့် တစ်နှစ်ထက်တစ်နှစ် ကော်ဖီစိုက် ဧကများ ပိုမိုတိုးတက်လာခဲ့သည်။ တစ်နိုင်ငံလုံးကော်ဖီစိုက်ဧက ငါးသောင်း ကျော်ရှိသည့်အနက် ရှမ်းပြည်နယ်တွင် ဧကနှစ်သောင်း ခုနစ်ထောင်ကျော် စိုက်ပျိုးနိုင်သောကြောင့် တစ်နိုင်ငံလုံး စိုက်ဧက၏ ထက်ဝက်ကျော်စိုက်ပျိုး သည်။ ရွာငံမြို့နယ်တွင် ကျေးရွာပေါင်း ၁၂၅ ရွာရှိပြီး ကော်ဖီစိုက်ပျိုးသည့် ကျေးရွာ ၈၀ ခန့်ရှိသည်။ ကော်ဖီစိုက် ဧကပေါင်း ရှစ်ထောင်ကျော်ရှိသော ကြောင့် တစ်နိုင်ငံလုံးတွင် ရွာငံမြို့နယ် သည် ကော်ဖီစိုက်ဧကအများဆုံးဖြစ် သည့်အတွက် ကော်ဖီစံပြမြို့တော်ဟု တင်စားခေါ်ဝေါ် ပြီး လူသိများလာကြသည်။

 

မြေအမျိုးအစားမှာ မြေနီသဲဆန်သော အမျိုးအစားဖြစ်ပြီး မြေချဉ်ငန်ဓာတ် PH 5 မှ 5.6 အတွင်းရှိသည်။ ရာသီ ဥတုမှာ ဆယ်နှစ်စာ အမြင့်ဆုံးပျမ်းမျှ အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်နှင့် ပျမ်းမျှမိုးရေချိန် ၇၂ လက်မခန့်ရှိသည်။ ရေမြေရာသီဥတုတူသော်လည်း ရွာငံ ကော်ဖီသည် အထွက်နှုန်းတိုးပြီး အရည် အသွေးကောင်းမွန်သောကြောင့် နှစ်တိုင်း စိုက်ဧကများ သိသိသာသာတိုးချဲ့စိုက်ပျိုး လာကြသည်။ ကော်ဖီမျိုးပေါင်းများစွာ ရှိသည့်အနက် ဒေသ၏ ရာသီဥတုနှင့် ကိုက်ညီပြီး ပင်လယ်ရေ မျက်နှာပြင် ပေ ၂၅၀ဝ အထက် စိုက်ပျိုးနိုင်သည့် ကုန်းမြင့် ကော်ဖီ (Atabica Coffee)  မှ ကက်တွိုင်း (Catual) မျိုးနှင့် ကက်တီမိုး (H 528) မျိုးများကိုသာ အဓိကထား စိုက်ပျိုးလာကြသည်။ ယင်းမျိုးများသည် တစ်ဧကပျမ်းမျှ ပိဿာချိန် ၆၀ဝ ခန့်အထိ ထွက်ရှိကြောင်း သိရသည်။ မိသားစု အလိုက် ကော်ဖီပျိုးပင် ဖြန့်ဖြူးရောင်းချ ခြင်းများကို အိတ်ပျိုးပင်များအဖြစ် လည်းကောင်း၊ အစေ့မျိုးအဖြစ်လည်း ကောင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီးစသည့် ကော်ဖီ စိုက်ပျိုးနိုင်သည့် နေရာများသို့ တင်ပို့ ရောင်းချလုပ်ကိုင် လာကြသည်။

 

ရွာငံ၏ အထက်တန်းညွှန်းကိန်းသည် ရွာငံကော်ဖီအဖြစ် ရပ်တည်နိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၃ ရက်က ရွာငံသို့ ရောက်ရှိ၍ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ အစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ရွာငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့အတွက် ကော်ဖီသီးမှည့် အခွံချွတ် စက်၊ ကော်ဖီစေ့လှန်းစင်များ ကူညီထောက်ပံ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် GIZ မှလည်း ကော်ဖီ လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အတွက် ခေတ်မီသော နည်းပညာများ၊ အကြံဉာဏ်များ၊ နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ပေးသည့်အပြင် ကမ္ဘာ့ အဆင့် အထူးတန်းဝင်ကော်ဖီအဖြစ် ကမ္ဘာကသိအောင် ကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

အရည်အသွေး ကောင်းမွန်သော ကော်ဖီဖြစ်စေရန် အခြေခံကျသော အဓိကအချက်မှာ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြီး အသီးဆွတ်ခူးချိန်တွင် ကောင်းစွာရင့်မှည့်ပြီး အမှည့်ညီညာသည့် ကော်ဖီချယ်ရီသီးများကိုသာ ရွေးချယ် ဆွတ်ခူးရန် အလွန်အရေးကြီးလှသည်။ အမှည့်မညီသော အသီးများနှင့် အစိမ်း သီးများပါရှိပါက ကော်ဖီအနံ့၊ အရသာ များ မကောင်းဘဲ အရည်အသွေးများ ညံ့လာနိုင်သည်။ စနစ်ကျသောကော်ဖီ ဆွတ်ခူးမှု တောင်သူများလိုက်နာ ကျင့်သုံးတတ်စေရန် ပညာပေးလုပ်ငန်း များ လိုက်လံဆောင်ရွက်ပေးလျက်ရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ကော်ဖီသုတေသန òန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြား သည်။

 

ကော်ဖီ စိုက်ပျိုးနည်းပညာပေး သင်တန်းများဖြစ်သည့် စနစ်ကျသော ကော်ဖီစိုက်ပျိုးနည်း၊ ကိုင်းဖြတ်ပုံသွင်း နည်း၊ လက်တွေ့ကွင်းသရုပ်ပြပွဲများ စသည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် မြေပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) နည်းစနစ်များလည်း ရှင်းလင်းဟောပြောပြီး GAP လက်မှတ်ရရှိရေးလုပ်ငန်းများလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီး အရာရှိ ဦးကျော်မျိုး သန့်ထံမှ သိရသည်။

 

နှစ်စဉ်ကော်ဖီအဆန်တန် ၇၀ဝမှ ၁၀ဝ၀ ကြားထွက်ရှိပြီး ပြည်တွင်း ဈေးကွက်များအပြင် စင်ကာပူ၊ ထိုင်း၊ တရုတ်(တိုင်ပေ)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ အမေရိကန် နိုင်ငံများသို့ အများဆုံးတင်ပို့ရောင်းချ ပြီး အခြားနိုင်ငံများတွင်လည်း တစ်တန်၊ နှစ်တန် စတင်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် အထူးတန်း ကော်ဖီဆန် တန် ၁၀ဝ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ကော်ဖီဆန် တစ်ပေါင် ကို ၃ ဒသမ ၆ ဒေါ်လာရောင်းရပြီး ဝယ်လို အားအပေါ် မူတည်၍ တန် ၄၀ ကျော်သာ ရောင်းချရသောကြောင့် ဝယ်လိုအားများ ရန် အရေးကြီးကြောင်း၊ ဈေးကွက်တိုးချဲ့ နိုင်ရေး လိုအပ်နေသေးကြောင်း၊ ကော်ဖီ အရည်အသွေးထိန်းရန် လိုသလို ယခု ထက်ပိုပြီး တိုးတက်ရန်လိုအပ်နေကြောင်း၊ ရွာငံအထူးတန်းဝင် ကော်ဖီအမျိုးအစားသည် အမေရိကန်နိုင်ငံနှင့် နိုင်ငံတကာကော်ဖီနယ်ပယ်တွင် နာမည်ကောင်းဖြင့် ပြေးလမ်းပေါ်ရောက်ရှိကာ နေရာတစ်ခုရရှိလာပြီး ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဝင်ဆံ့နိုင်ရေးကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွာငံ မြို့နယ်ကော်ဖီအသင်းဥက္ကဋ္ဌ ဦးမောင်နု က ပြောကြားသည်။

 

ရွာငံမြို့နယ်တွင် GAP လက်မှတ်ရ ကော်ဖီခြံ ၂၅ ဧကရှိပြီး GAP လက်မှတ် လျှောက်ထားဆဲ ဧက၂၇၀နှင့် အော်ဂဲနစ် လက်မှတ်ရ ဧက ၅၀ ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ ကော်ဖီစိုက် တောင်သူအများစုသည် GAP လက်မှတ်ကို နှစ်သက်လိုချင်ကြသည်။ အော်ဂဲနစ်လက်မှတ်ရ ကော်ဖီခြံ မှထွက်ရှိသော ကော်ဖီသီးအမှည့် တစ်ပြည်သည် သာမန်ခြံမှ ထွက်ရှိသော ဈေးနှုန်းထက် ထက်ဝက်ကျော် ဈေးကောင်းရရှိပြီး GAP လက်မှတ်ရခြံမှ ထွက်ရှိသော ကော်ဖီသီးအမှည့်သည် သာမန်ကော်ဖီသီးထက် ထက်ဝက်ခန့် ပိုဈေးရရှိကြောင်း ကော်ဖီစိုက်တောင်သူများထံမှ သိရသည်။ GAP လက်မှတ်များရရှိပါက နိုင်ငံတကာသို့တိုက်ရိုက် ကော်ဖီတင်ပို့ရောင်းချမှုများ ပိုမိုကျယ်ပြန့်လာပြီး ကော်ဖီစိုက်တောင်သူများ ဝင်ငွေ ပိုမိုတိုးတက်လာမည်ဖြစ်သောကြောင့် တောင်သူများ GAP လက်မှတ်ကို အလေးထားမျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

ရွာငံကော်ဖီသည် နာမည်ကောင်းဖြင့် ကျော်ကြားလျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင် ပြည်ပမှဝင်ရောက် လာသော အသင့်သောက်ကော်ဖီများ အစားလွှမ်းမိုးနေရာယူလျက်ရှိလာရာ ပြည်တွင်းသာမက ကမ္ဘာအထိ ထိုးဖောက် ဝင်ရောက်ကျယ်ပြန့်လာသောကြောင့် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးလာပြီး ပုဂ္ဂလိက ကဏ္ဍများဖွံ့ ဖြိုးလာကာ မြို့နယ်၏ အသားတင်ထုတ်လုပ် ဝန်ဆောင်မှုများ၊ နိုင်ငံ၏စီးပွားရေး ကဏ္ဍများ ပိုမိုဖွံ့ ဖြိုးလာတော့မည်ဖြစ်ပါသည်။ ။