နေပြည်တော် ၁၆ စက်တင်ဘာ
သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ တိုင်းဒေသကြီးများတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မှိုင်းတုံရွာအနီး၌ Alphard (အဖြူရောင်)ယာဉ်ပေါ်မှ ကျွန်းပရိဘောဂခွဲသား အရွယ် အစားစုံ ဝ ဒသမ ၉၁၂၄ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် လမ်းချောင်းအနီး ကိုင်းတောအတွင်း၌ နောက်တွဲပါထွန်စက်ပေါ်မှ ကျွန်းပကာ ၂ ဒသမ ၄၉ တန်ကိုလည်းကောင်း၊ ကနီမြို့နယ် လာပို့-မင်းကင်း ကားလမ်းအနောက်ဘက် မုံတုံးတံတား အနီး၌ Super Custom (ခဲရောင်)ယာဉ်ပေါ်မှ ပိတောက် ခွဲသား ၁ ဒသမ ၃၇၈၄ တန်ကို လည်းကောင်း၊ ကလေးဝမြို့နယ် မဟာမြိုင်ဘိနယ် ရွှေကျင်ကြိုးဝိုင်းအတွင်းမှ ကညင်သစ် ၁၁ ဒသမ ၅၃၄၀ တန်ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ဆီဆုံကျေးရွာ အရှေ့မြောက် ဘက်မှ ပျဉ်းကတိုးခွဲသား ၁၄ ဒသမ ၅၈၅၂ တန်ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပခုက္ကူ-မြိုင်ကားလမ်း မုံညှင်းရွာအဝင် လမ်းဘေးအနီးမှ ပိတောက်ခွဲသား ၃ ဒသမ ၅၇၀၆ တန်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီး အနီး၌ Nissan Diesel (၆)ဘီး ယာဉ်ပေါ်မှ ကျွန်းခွဲသား အရွယ်အစားစုံနှင့် တံခါးချပ် စုစု ပေါင်း ၉ ဒသမ ၇၃၇၆ တန်ကိုလည်းကောင်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ များကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ဖောင်းပြင်-ပင်လည်ဘူး ကားလမ်း အနီး၌ မော်တော်ယာဉ်နှစ်စီးနှင့် ထွန်စက်တစ်စီးတို့အပေါ်မှပိတောက်ခွဲသား အရွယ်အစားစုံ ၂ ဒသမ ၆၉၉၀ တန်၊ အင်ဂျင်တစ်လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ပြစ်မှုကျူးလွန် သူ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့အားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


