နေပြည်တော် ၁၆ စက်တင်ဘာ
မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု များအား ဆန်းစစ်လေ့လာခြင်းစာတမ်း မိတ်ဆက်ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုန်ရှိ Royal Naypyitaw ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီကို အဆင့်ဆင့်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ လုပ်ငန်း ကော်မတီ၏ တာဝန်များတွင် မသန်စွမ်းသူများအား ဝေပုံကျ နှုန်းထားအတိုင်း အလုပ်ခန့်ထားရေးဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့ကို လေ့လာ စောင့်ကြည့်ခြင်း၊ မသန်စွမ်းသူများအတွက် အတားအဆီး ကင်းသော လုပ်ငန်းခွင် ဖန်တီးရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်ခြင်းတို့ကို အကောင်အထည် ဖော်ရန်အတွက် ယခုစာတမ်းက များစွာအထောက်အကူပြုမည်ဖြစ်ပါ ကြောင်း၊ ယခု စာတမ်း၏ အခန်း(၆)တွင် ပါဝင်သော သုံးသပ်ချက်နှင့် အကြံပြုချက်များ သည် မသန်စွမ်း သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများအပေါ် သက်ရောက်မှုများရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်များနှင့် မသန်စွမ်းအရေးကို တက်ကြွစွာ ပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအပြင် မသန်စွမ်းသူများကိုယ်တိုင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌက စာတမ်းပြုစုရသည့် အကြောင်းရင်းများနှင့် စာရင်းအင်းပညာဌာနမှ ပါမောက္ခဒေါက်တာခင်မေသန်း(ငြိမ်း)က စာတမ်းပြုစုရာတွင် လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များကိုအား ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာသူများ၏ သိလိုသည့်မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် မသန်စွမ်းသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
(သတင်းစဉ်)


