ရန်ကုန် ၁၆ စက်တင်ဘာ
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် တတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက အမှာစကားပြောကြားပြီး အလှူရှင်များထံမှ အလှူငွေများကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် နှစ်ပေါင်း(၁၀ဝ) ပြည့်တော့မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်အခမ်းအနားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီအပါအဝင် လုပ်ငန်းကော်မတီ(၁၇)ခုကို ဇူလိုင်(၄)ရက်က စတင်ဖွဲ့စည်းခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားများကို ဝိဇ္ဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပထမအကြိမ်တွင် အလှူငွေကျပ် ၂၀၅ သိန်း၊ ဒုတိယအကြိမ်တွင် အလှူငွေကျပ် ၂၂၈ သိန်းလက်ခံရရှိခဲ့ပြီး တတိယအကြိမ်တွင် အလှူငွေကျပ် ၂၀၉၁၅၀ဝ၀ လက်ခံရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


