မန္တလေး ၁၆ စက်တင်ဘာ 

 

မန္တလေးမြို့တွင် အိမ်ခွန်၊ ရေခွန်နှင့် သန့်ရှင်းရေးအခွန်များကို Online မှတစ်ဆင့် အလွယ်တကူ ပေးဆောင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ အခွန်များကို မန္တလေးမြို့ရှိ အခွန်ထမ်းပြည်သူများ အနေဖြင့် ၂၄ နာရီ လွယ်ကူစွာ အခွန်ပေး ဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည် ။

 

" မြို့သူမြို့သားတွေ အခွန်ပေးဆောင်ရာမှာ လွယ်ကူလျင်မြန်ဖို့ အွန်လိုင်းကပဲ ပေးချေတဲ့စနစ်တစ်ခု လုပ်နေပါတယ်။ မြို့သူ၊မြို့သားတွေ ၂၄ နာရီ အားတဲ့ အချိန်ပေးဆောင်နိုင်မှာပါ။ ဆော့ဖ်ဝဲ နာမည်ကို Mandalay Smart Pay လို့ အမည်ပေးထားပါတယ် " ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

အဆိုပါ ဆော့ဖ်ဝဲကို အရှေ့တောင်အာရှ၏ Leading Payment Service Provider ဖြစ်သည့် 2C2P နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပိုင်ဆိုင်သည့် ရတနာပုံဘဏ်တို့အတူပူးပေါင်း ဆောင်ရွက်လုပ်ကိုင်နေခြင်းဖြစ်သည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရတနာပုံဘဏ်က ငွေပေးချေခွင့်ရရှိရန်အတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိရန်လျှောက်ထားပြီး ၂၀၂၀ပြည့် နှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည် ။

 

ငွေပေးချေမှုပြုလုပ်ရာတွင် စည်ပင်သာယာရေးကော်မတီက ပေးပို့လာမည့် နို့တစ်စာရွက်ပေါ်က QR Code ၊ Bar Code ကို ဖုန်းဖြင့် Scanဖတ်ကာအလွယ်တကူ ငွေပေးချေနိုင်မည်ဖြစ်ပြီး ငွေလွှဲမှုအပေါ် အခကြေးငွေမယူဘဲ ငွေလွှဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း