မန္တလေး ၁၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး Third Party (QC)အဖွဲ့၊ ဗြဟ္မစိုရ်လူမှုကူညီမှုအသင်း (မန္တလေး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မန္တလေး)တို့ ပူးပေါင်း၍ ဆောက်လုပ်ရေးကျွမ်းကျင်မှု အခြေပြု အခြေခံ ဂဟေဆက်နည်းပညာ မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ ပညာဒါနဆောင်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမွန်က အဖွင့်အမှာစကားပြောကြားပြီး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ဒု-ဥက္ကဌ(၁) ဦးခင်မောင်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး Third Party (QC)အဖွဲ့မှ ဦးမောင်ပွက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၃၀ ဦး တက်ရောက်ကြောင်း သိရသည်။
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းသည် နာရေးကူညီမှု လုပ်ငန်းများ ကူညီဆောင်ရွက်ပေးသည်သာမက ကျန်းမာရေး ကူညီပေးမှုများဖြစ်သော မျက်စိ၊ သွား၊ ကျောက်ကပ်နှင့် အထွေထွေရောဂါများကို အခမဲ့ကုသပေးခြင်း၊ အသက်(၇၅)နှစ် အထက် အဘိုးအဘွားများကို အခမဲ့ကျန်းမားရေးစောင့်ရှောက်မှုပေးပြီး စနေ၊ တနင်္ဂနွေရက်များတွင် နေ့တစ်ပိုင်းစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခြင်းနှင့် ပညာရေးကူညီမှုများဖြစ်သော ဘာသာစကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်း၊ စာရင်းကိုင်ပညာသင်တန်း၊ ရှေ့နေကွန်ယက်သင်တန်း၊ သက်မွေးပညာသင်တန်း စသည့် သင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


