နေပြည်တော် ၉  စက်တင်ဘာ 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် (၄၆) ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့  စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွက် နေပြည်တော်ရှိ Hotel Royal Ace ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Sunithadevi Santhamma ၊ ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင်၏ အကြီးအကဲ Dr. Sanjay Kumar Srivastava နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ ကိုယ်စားလှယ် Dr. Taoyong Peng တို့က အမှာစကား ပြောကြားကြသည်။


ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (World Meteorological Organization-WMO)နှင့် ကုလသမဂ္ဂ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific- UNESCAP) တို့မှ ပညာရှင်များ၊ တရုတ်နိုင်ငံမိုးလေဝသဌာနနှင့် ဂျပန်နိုင်ငံ၊ ရေနှင့်ဆက်နွယ်သည့် ဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာဗဟိုဌာနမှ ပညာရှင်များ၊ အပူပိုင်းမုန်တိုင်း အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အပူပိုင်းမုန်တိုင်းအဖွဲ့စုံညီအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး အပူပိုင်းမုန်တိုင်းအဖွဲ့ဝင်နိုင်ငံများမှ မိမိတို့နိုင်ငံ အလိုက် ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် သြဂုတ် အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာဘေးအန္တရာယ်များ၊ သဘာဝဘေးများမှ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများနှင့် သုတေသနလုပ်ငန်းများကို တင်ပြဆွေးနွေးကြမည်ဖြစ်ပြီး ဘင်္ဂလား ပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် မုန်တိုင်းများ ဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်မှု၊ သတင်းအချက်အလက်နှင့် သတိပေးချက်များဖြန့်ဝေမှု၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း အပြန်အလှန် သတင်းအချက်အလက်ဖလှယ်မှုများအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် အပူပိုင်း ဆိုင်ကလုန်းစီမံအုပ်ချုပ်မှု အစီအမံများအား ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။


ထို့ပြင် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများ အား အမည်သစ်ပေးရန်အတွက် အဖွဲ့ဝင်နိုင်ငံများမှ အဆိုပြုထားသည့် မုန်တိုင်းအမည်များကို အတည်ပြုခြင်းနှင့် WMO၊ ESCAP Panel on Tropical Cyclone Trust Fund (PTCTF) တွင် ရန်ပုံငွေထည့်ဝင်နိုင်ရေးတို့ကိုဆွေးနွေးသွားကြမည်ဖြစ်သည်။


အစည်းအဝေးကို ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်တွင်ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်းများအတွက် ခန့်မှန်းချက်နှင့် သုတေသနလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းအပါအဝင် အပူပိုင်းမုန်တိုင်း သတိပေးချက်စနစ်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ အပူပိုင်းမုန်တိုင်းနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များ ကြောင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)

 

DSC_0