နတ်တလင်း ၉ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့အလယ်ပိုင်းရပ်ကွက် တက်နေမင်းလမ်းရှိ ရေဘေးသင့်ပြည်သူများ အိမ်ထောင်စု ၈၀ အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲခြင်းကို ယနေ့မွန်းလွဲပိုင်းက တိလောကမာရဇိန် ရွှေသာလျောင်းဘုရားကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခန်းအနားတွင် အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး တောင်သူလယ်သမားကိုယ်စားလှယ် ဦးတင်ဝင်းနိုင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှုဒါန်းသော ပစ္စည်းအမျိုးအစားများနှင့် ထောက်ပံ့ပေးခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေဘေးသင့်ပြည်သူ အိမ်ထောင်စုတစ်စုလျှင် (၁၂)ပြည်ပါ ဆန်တစ်အိတ်၊ ဆီ(၅၀) ကျပ်သားနှင့် ငါးသေတ္တာ(၆)ဘူးနှုန်း ပေးအပ်ရာ တာပွန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအုပ်ကြီး ဦးအောင်ကျော်သူနှင့် တက်နေမင်းလမ်းရှိ ရေဘေးသင့်ပြည်သူများကိုယ်စား ဦးညွှန့်ရင်တို့က လက်ခံရယူကြသည်။
အခန်းအနားသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ကြကြောင်းနှင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၈၀)စုရှိကြောင်း သိရသည်။
တင်မြင့် နတ်တလင်း


