ကျိုက်မရော ၈ စက်တင်ဘာ
ကျိုက်မရော၌ မွန်ရိုးရာဓလေ့ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲကို စက်တင်ဘာ ၁၃ ရက် (တော်သလင်းလပြည့်နေ့)တွင် အတ္တရံမြစ်ကမ်းနားရှိ ကိုးနဝင်းစေတီရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးများဖြစ်သည့် အားလျော်စွာ တော်သလင်းလပြည်နေ့တွင် ရပ်ရွာများရှိ ဘုန်းကြီးကျောင်းတိုင်းတွင် မိမိတို့ စွမ်းနိုင်သမျှ လုပ်အားအလှူငွေများဖြင့် သင်္ဘောတစ်စင်း တည်ဆောက်ကာ ဆွမ်း၊ ပန်း၊ သစ်သီး၊ ဆီမီး စသော ပစ္စည်းအမျိုးပေါင်း တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္တူ အမျိုးမျိုးတို့ဖြင့် တင်လှူပူဇော်ကြခြင်း ဖြစ်သည်။
အဆိုပါ ဆွမ်းတော်ကြီးတင်ပွဲကို “ဆွမ်းတော်တစ်ထောင်” ပူဇော်ပွဲ မွန်ဘာသာခေါ် (သဘင်ဗဝ်သ)ဟုလည်း ခေါ်ဝေါ်မှု ပြုကြကြောင်း ဒေသခံ မွန်တိုင်းရင်းသားတစ်ဦးက ပြောသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


