လက်ပံတန်း ၆ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဂျပန်နိုင်ငံ Junko Association ကျောင်းသားကျောင်းသူများသည် ဂျပန်-မြန်မာယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁နာရီက အ.ထ.က(၁) လက်ပံတန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးသန်း၊ အ.ထ.က(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးလွင်တို့က နှုတ်ခွန်းဆက် စကားအသီးသီး ပြောကြား ခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့ခေါင်းဆောင်နှင့်ဂျပန် ကျောင်းသား ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကာ ဂျပန်ကျောင်းသူ တစ်ဦးက ၎င်းတို့သည် ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်၍ ရရှိသောဝင်ငွေဖြင့် ပညာသင်ထောက်ပံ့ကြေးများကို လိုအပ်သည့်နေရာများအား ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ Junko ကျောင်းသားကျောင်းသူများနှင့် အ.ထ.က(၁) ကျောင်းသားကျောင်းသူများ အပြန်အလှန် စာအဆက်အသွယ် ပေးပို့ရရှိမှု အခြေအနေများနှင့် အားကစား ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက အမှတ်တရ လက်ဆောင်တီရှပ်များ ပေးအပ်ခဲ့ပြီး မြန်မာနှင့် ဂျပန်ကျောင်းသားကျောင်းသူများမှ ရိုးရာအကများဖြင့် အပြန်အလှန် ကပြခဲ့ကြသည်။ အ.ထ.က(၁)နှင့် Junko Association ဂျပန်ကျောင်းသား ကျောင်းသူများ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို ၂၀ဝ၁ ခုနှစ်မှ စတင်၍ နှစ်စဉ်လာရောက်ခဲ့ကြပြီး Junko Scholor Ship ပညာသင်ဆုကို ယခုနှစ်တွင် စတင်ဆောက်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


