မုံရွာ  ၅   စက်တင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ တောင်သူလယ်သမားများ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လယ်ယာသုံး ထွန်စက်မျိုးစုံ (၂၀၉) စီးကို ဝယ်ယူအသုံးပြုခဲ့ကြောင်း မုံရွာခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းမြင့်၏ ပြောကြာချက်အရ သိရသည်။


လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလာမှုကို အထောက်အကူဖြစ်စေရန်၊ လယ်ယာလုပ်သားရှားပါးမှုကို လျော့ချနိုင်ရန်၊ သီးနှံများကို အချိန်မီထွန်ယက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ရိတ်သိမ်း သီးနှံများကို အမိုးအကာအောက်သို့ အချိန်မီရောက်ရှိနိုင်စေရန်အတွက် လယ်ယာသုံးစက်ကိရိယာများကို ဝယ်ယူအသုံးပြုမှုများလာကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် တောင်သူများအနေဖြင့် မိမိတို့လယ်ယာလုပ်ငန်းခွင်များတွင် အသုံးပြုရန်အတွက် မုံရွာခရိုင်အတွင်းရှိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနများနှင့်ချိတ်ဆက်ပြီး ထွန်စက်အမျိုးအစားစုံ (၃၄)စီး၊ လက်တွန်းထွန်စက်အမျိုးအစားစုံ (၁၇၅) စီးတို့ကို ဝယ်ယူအသုံးပြုခဲ့ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ထွန်စက်အမျိုးအစားစုံ (၈၀)စီးနှင့် လက်တွန်းထွန်စက်အမျိုးအစား စုံ (၂၀၃၂) စီးတို့ကို ဝယ်ယူအသုံးပြုလျက် ရှိကြောင်း မုံရွာခရိုင်စက်မှုလယ်ယာဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)