ပေါက် ၅ စက်တင်ဘာ
ပေါက်မြို့နယ်၌ သြဂုတ်လ အတွင်းက မိုးများ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ယောချောင်းရေများ တစ်ဟုန်ထိုး စီးဆင်းကာ စက်တင်ဘာ ၃ ရက်နေ့မှစ၍ ပေါက်မြို့နယ် ချောင်းနားကျေးရွာ အနောက်ဘက်နှင့် မြောက်တို့၌ ချောင်းကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ ချောင်းရေတိုက်စား မျောပါမည်ကို စိုးရိမ်နေကြသည်။
အဆိုပါ ချောင်းရေ တိုက်စားမှုကြောင့် ချောင်းကမ်းပါး ပြိုကျမှုများကို ဆက်လက်မဖြစ် ပွားစေရန်အတွက် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ SAE ဦးသန်းမင်းစိုးတို့က ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ချောင်းကမ်းပါး ပြိုကျရာသို့ သွားရောက်ကြည့်ရှူခဲ့ကြရာ အဆိုပါချောင်းရေ တိုက်စားခြင်း ချောင်းကမ်းပါး ပြိုကျခြင်းများကို ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာ အကြံအဉာဏ်များ၊ ကျေးရွာပြည်သူ လူထုအင်အားနှင့် အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)


