ဒီးမော့ဆို    ၅   စက်တင်ဘာ    

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် “အိုဇုန်းလွှာအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်တွင် ကျောင်းသားကျောင်းသူ ၂၀ ဦး၊ အလယ်တန်းဆင့်တွင် ကျောင်းသားကျောင်းသူ ၁၅ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျောင်းသားကျောင်းသူများ ယှဉ်ပြိုင်နေမှုကို မြိုနယ်ပညာရေးမှူး ဒေါ်နော်အယ်ဖော၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မြင့်ရှိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်အတွင်းရှိ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား အိုဇုန်းလွှာနှင့် ပတ်သက်၍ ဘာကြောင့် ပျက်စီးလာတယ်၊ ဘယ်လို ထိန်းသိမ်းရမည်၊ အိုဇုန်းလွှာ ပါးလွှာမှုကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာတာတွေကို ကျောင်းသားကျောင်းသူများ သိအောင် အရင်ဆုံး ရှင်းပြပြီး စာစီစာကုံးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ပြည်နယ်အဆင့်တွင် ကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြင့်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မြင့်ရှိန် ထံမှ သိရသည်။

ရီရယ်(ဒီးမော့ဆို)