မြင်းခြံ ၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ပြောင်းပြာရေလှောင်တမံ၊ စွန်းလွန်းရေလှောင်တမံ၊ တောင်ပင်လယ်ရေလှောင်တမံ၊ မြောက်ပင်လယ်ရေလှောင်တမံနှင့် ညောင်ပင်သာကန်၊ ပျိုးကန် ကန်များတွင် မိုးရွာသွန်းမှု ရှိခဲ့သော်လည်း ရေအမှတ်အပြည့်ကို ရောက်ရှိခြင်းမရှိခြင်း၊ ရေလှောင်တမံများ၊ ကန်များကြံ့ခိုင်မှု ကောင်းမွန်၍ စိုးရိမ်ရန် မရှိကြောင်းကို မြင်းခြံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနရုံးမှ သိရှိရသည်။
မြင်းခြံမြို့နယ်ရှိ ရေလှောင်တမံများနှင့် ကန်များသည် ရေပြည့်မှတ်သို့ ရောက်ရှိသေးခြင်းမရှိ သေးကြောင်းနှင့် ရေပိုလွှဲမှလည်း ရေကျော်ကျနေခြင်းလည်း မရှိသေးကြောင်း သိရှိရသည်။ မိုးရာသီအတွင်း ရေကြီးရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် ရေလှောင်တမံများနှင့် ဆက်စပ်ရေအား အဆောက်အအုံများ ကျိုးပေါက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ရေလှောင်တမံများနှင့် ကန်များကိုလည်း ကြံ့ခိုင်အောင် ဆောင်ရွက်ထားရှိကြောင်းနှင့်အမြဲမပြတ် စစ်ဆေးလျှက်ရှိကြောင်းကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးသန့်က ပြောသည်။
ထို့အပြင် မြင်းခြံမြို့နယ် အတွင်းရှိ ရေလှောင်တမံနှင့် ကန်များတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ကြိုတင်စီမံခန့်ခွဲမှုအဆင့် ၃ ဆင့်ဖြင့် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆင့် (၁) တွင် အများပြည်သူ မြင်သာသော နေရာနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ အစိမ်းရောင်အလံလွှင့်ထူသွား မည်ဖြစ်ကြောင်း၊ အဆင့် (၂)တွင် အဝါရောင်အလံ လွှင့်ထူခြင်းနှင့် အသံချဲ့စက်ဖြင့်လှည့်လည်ကြော်ငြာ ခြင်းများဖြစ်ကြောင်း၊ အဆင့် (၃)တွင် အနီရောင်အလံ လွှင့်ထူခြင်းနှင့် အသံချဲ့စက်ဖြင့် လှည့်လည်ကြော်ငြာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းပြခဲ့သည်။
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ရေလှောင်တမံများအရေးပေါ်အခြေအနေဖြစ်သော မိုးရာသီ ရေကြီးရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များကြောင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ရေလှောင်တမံနှင့် ကန်များ အောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့လည်း သတိပေးအလံများ ပေးအပ်ပြီးဖြစ်ကြောင်းနှင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးသန့်က ပြောပြသည်။
ဦးဇော်မင်းနိုင်(မြင်းခြံ)


