ကျိုက်မရော ၄ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေသည် သြဂုတ် ၂၉ ရက်မှစ၍ စိုးရိမ်ရေမှတ်နားထိ ဆက်လက်တိုးလာပြီး မိုးများအဆက်မပြတ်ရွာသွန်းနေသဖြင့် အခြေခံပညာကျောင်းပေါင်း(၂၀)ကို ထပ်မံပိတ်ထားရကြောင်း၊ အဆိုပါကျောင်းများမှာ အနိမ့်ပိုင်းနေရာများတွင်ရှိပြီး မြစ်ကမ်းနားနှင့်လည်း နီးသဖြင့်ဒီရေတက်ချိန်များတွင် ကျောင်းစာသင်ခန်းများအတွင်းထိ ရေနစ်မြုပ်သောကြောင့် စာသင်ရန် အခက်အခဲများရှိနေကြောင်း၊ ပထမအကြိမ် ရေနစ်မြုပ်ပြီး သန့်ရှင်းရေးများ ဆောင်ရွက်နေချိန် ထူးကဲဒီရေပြန်လည်တက်လာ၍ ယခုလို ဒုတိယအကြိမ်ပြန်ပိတ်လိုက်ရတာဖြစ်ကြောင်းလမုခို အမကကျောင်းအုပ်ဆရာမကြီးက ပြောသည်။
အထကခွဲ မရင်းကုန်းကျောင်းက အနိမ့်ပိုင်းမှာရှိတဲ့ စာသင်ဆောင်များရေဝင်ပြီး ကုန်းမြင့်ပိုင်း စာသင်ဆောင်များတွင် ရေလွတ်သဖြင့် နဝမတန်းနှင့် အဋ္ဌမတန်း ကျောင်းသား ကျောင်းသူ အတန်းကြီးကလေးများကို ပြောင်းရွှေ့သင်ကြားပေးနေရကြောင်း အထက(ခွဲ) မရင်းကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းသူထံမှ သိရသည်။
အဆိုပါကျောင်းများ၏ ယာယီပိတ်ရက်များကို စနေ တနဂငေ်္နွနှင့် အခြားပိတ်ရက်များတွင် အစားထိုး၍ ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်ထားကြောင်း လက်ရှိအခြေအနေတွင် ပြန်လည်ပိတ်ထားရသည့် ကျောင်းပေါင်းမှာ(၂၀)ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သတင်းရ ရှိသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


