နေပြည်တော် ၄ စက်တင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲ အောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့စ်နာကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စ၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားသော ဒေသများ၌ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်း များဖြစ်သည့် လမ်းတံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေး၊ တန်ဖိုးနည်း အိမ်ရာများ၊ စားနပ်ရိက္ခာ၊ လတ်တလော လိုအပ်လျက်ရှိသည်များအား ထောက်ပံ့ပေးနေမှု ၊ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနနှင့် ဩစတြေးလျနိုင်ငံတို့အကြား နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်


