ကနီ ၁ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စီမံကိန်းစက်ဝန်း လုပ်ငန်းများကို ကျေးရွာပေါင်း ၈၈ ရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူထုဗဟိုပြု စီမံကိန်းရုံးမှ သိရသည်။
ဒုတိယနှစ် စီမံကိန်းစက်ဝန်း လုပ်ငန်းများကို ကျေးရွာအုပ်စု (၃၄)အုပ်စုရှိ ကျေးရွာပေါင်း ၈၈ ရွာတွင် လုပ်ငန်း ၁၃ မျိုးဖြင့် မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ(TPIC) အစည်းအဝေးမှ ခွင့်ပြုချက် ရရှိထားသော စီမံကိန်းကျေးရွာအသီးသီးက တင်ပြတောင်ခံထားသည့် လုပ်ငန်းပေါင်း (၉၁)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
ကနီမြို့နယ် လူထုဗဟိုပြု စီမံကိန်းအနေဖြင့် ကျေးရွာအုပ်စု (၃၄)အုပ်စုရှိ ကျေးရွာပေါင်း ၈၈ ရွာတွင် စာသင်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ၃ ခု၊ ကျောင်းခြံစည်းရိုး ကားရံခြင်းလုပ်ငန်း ၂ ခု၊ မူကြိုကျောင်း တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ခြင်းလုပ်ငန်း ၂ ခု၊ ကျေးရွာတွင်း လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း၊ ဓာတ်တိုင်တိုးချဲ့ စိုက်ထူခြင်းလုပ်ငန်း ၄ ခု၊ အင်ဂျင်စက်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ၂၁ ခု၊ ကျေးရွာတွင်း ရေပေးဝေရေးအတွက် ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ၃ ခုနှင့် ရေပိုက်လိုင်း တိုးချဲ့ခြင်း ၃ ခု၊ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောင်ခြင်းလုပ်ငန်း ၆ ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၃၂ ခု၊ ဂျင်းမြေခင်းခြင်းလုပ်ငန်း ၈ ခု၊ ရေမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်း ၄ ခုနှင့် ရေကျော်တံတား ၂ ခုတို့ကို အကောင်အထည်ဖော ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကနီမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင် များအား လုပ်ငန်းခွင်မစတင်မီ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စောင့်ကြည့်ကြီးကြပ်ရေး၊ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး၊ ကျား/မရေးရာ သင်တန်းများ ပံ့ပိုးပေးလျက်ရှိပြီး နည်းပညာပေး အစည်းအဝေးများပြုလုပ်၍ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


