ခင်ဦး ၁ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် သြဂုတ် ၃၁ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဘုရားစေတီများ၊ သာသနိက အအောက်အဦများ၊ စာသင်ကျောင်းဆောင်များ၊ အစိုးရရုံးနှင့် လူနေအိမ်များ ပြိုကျပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ခင်ဦးမြို့နယ်ရှိ အောင်မင်္ဂလာရပ်ကွက်၊ အောင်သီရိရပ်ကွက်၊ လောင်းရှည်ကျေးရွာ၊ သာဝတ္ထိကျေးရွာ၊ ဗအိုးကျေးရွာ၊ ကံသာယာကျေးရွာ၊ စည်ပုတ္တရာကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ ပေါင်းလှဲကုန်းကျေးရွာ၊ ကင်းပြစ်ကျေးရွာ၊ ဆီဆုံလေးကျေးရွာ၊ ရွာသန်းကျေးရွာ၊ သာဂရကျေးရွာ၊ တယ်ဘိုပင်ကျေးရွာ၊ အင်တိုင်းကြီးကျေးရွာ၊ ခြေမြစ်ကျဉ်း (တ)ကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ကျွန်းပင်ကန်ကျေးရွာ၊ မကျီးတုံကျေးရွာ၊ ပျဉ်ထောင်ကျေးရွာ၊ ရှင်မင်းတွေကျေးရွာ၊ သံဘိုကျေးရွာ၊ တယ်ဘိုပင်ကျေးရွာ၊ ရွာသစ်ကျေးရွာများရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုး (၃၅) ဆူ၊ ဘုန်းကြီးကျောင်း (၁၁) ကျောင်း၊ စာသင်ကျောင်း (၈)ကျောင်း၊ အုတ်တံတိုင်းများ၊ ဗလီအဆောက်အဦး (၁) ခု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး (၁) ရုံးနှင့် လူနေအိမ် (၅) လုံး အက်ကွဲပြိုကျပျက်စီးခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
ပြိုကျပျက်စီးသွားသော ကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၇ နာရီက လှည့်လည်ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


