ပဲခူး ၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သြဂုတ် ၃၁ ရက်က ပဲခူးမြို့နယ် ဘုရားကလေးကျေးရွာ သမိုင်းဝင် ဒေးစွန်ပါတောင်ခြေရှိ မာန်လျော့တောင် ပြန်လည်ပြင်ဆင်မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့အား သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါ စေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးသန်းနိုင်က တောင်ပြိုကျမှု အခြေအနေ၊ ပြန်လည်ဆောင်ရွက်နေမှု အခြေအနေ၊ ပိုင်များရိုက်သွင်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြသတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျ ခိုင်ခန့်မှုရှိအောင် ကျွမ်းကျင်ပညာရှင်များနှင့် သေချာစွာတွက်ချက်ပြီး စမ်းသပ်ဆောင်ရွက်ကြရန်၊ ဒေးစွန်ပါစေတီတည်ရှိရာ တောင်တန်းသည် စိမ်းလန်းစိုပြည်စွာ တည်ရှိနေခြင်းကြောင့် ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမျှော်ခြင်း အပြင် အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်အောင် တာဝန်ရှိသူများအား မှာကြားကာ ပြန်လည်ပြင်ဆင်နေမှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂေါပကအဖွဲ့ထံ အလှူငွေကျပ် (၅)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေးစွန်ပါတောင်ခြေရှိ မာန်လျော့တောင်သည် သြဂုတ် ၁၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေ(၆၀ဝ) ခန့် ပြိုကြခဲ့သဖြင့် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


