ရန်ကုန် ၃၁ ဩဂုတ် 

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကြည်မင်း၊ ဦးကျော်လင်း၊ ဦးလှမော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်းရှိ ပြည်ထောင်စုခန်းမ၊ နန်းမြင့်မျှော်စင်ရှိ တိုင်းရင်းသားရိုးရာ ပြခန်းနှင့် တိုင်းရင်းသား ရိုးရာအိမ်များသို့ သွားရောက်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက တိုင်းရင်းသားကျေးရွာအား ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်း အကွက်ချတည်ဆောက်နေမှု အခြေအနေအား ဘာဂီယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးရွာအတွင်းရှိ မြေနေရာလွတ်များ စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်အမှာစကား ပြောကြားသည်။

၀၆+

ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံစံများ တစ်နေရာတည်း တစ်စုတစ်စည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်ပိုမိုကိန်းအောင်း ခိုင်မာလာစေ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး တည်ဆောက်ဖွင့်လှစ်ခဲ့ပါကြောင်း။

မူလက ၂၀ဝ၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နယ်စပ်/စည်ပင်ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုမိမိတို့ အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာနအဖြစ် လွှဲပြောင်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်စေခဲ့ပါကြောင်း။

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ရေရှည်တည်တံ့ ထိန်းသိမ်းစောင့်ရှောက် ရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြုပြင်မြှင့်တင်ရေးအတွက် Master Plan တိတိကျကျရေးဆွဲပြီး ပြန်လည်တင်ပြရန် လမ်းညွှန်မှာကြား ခဲ့ပါကြောင်း။

မိမိအနေဖြင့်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရောက်ရှိခဲ့စဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင် နိုင်ရန်အတွက် Master Plan ကို ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ရေးဆွဲရန် မှာကြားခဲ့ပါကြောင်း၊ ရေးဆွဲရာတွင်လည်း တိုင်းရင်းသားကျေးရွာထူထောင်ရခြင်း၏ မူလရည်ရွယ်ချက် မပျောက်ပျက်စေရန်၊ ကလေးများ၊ လူငယ်များ၊ အမျိူးသမီး/ အမျိုးသားများနှင့် သက်ကြီးသူများအတွက် အပန်းဖြေရန် သီးသန့်နေရာများ စီစဉ်ပေးသကဲ့သို့ မသန်စွမ်းသူများ၊ အမြင်အာရုံ ချို့တဲ့သူများအတွက်ကိုလည်း စီစဉ်ပေးရန်နှင့် အမြန်ဆုံးပြီးစီးနိုင်မည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပြီး ပြီးစီးမှု အခြေအနေများကို ပြည်သူများသိ ရှိစေရန် ကြေငြာသွားရန်လည်း တစ်ပါတည်း မှာကြားခဲ့ပါကြောင်း။

၂၀၁၉ ခုနှစ် မတ်လအတွင်း နိုင်ငံတော်သမ္မတက တိုင်းရင်းသားကျေးရွာသို့ လာရောက် စစ်ဆေးစဉ်တွင် တိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် ဝင်ငွေပိုမို တိုးတက်ရရှိရေးထက် တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုတိုးတက်ရေးကို အလေးပေးဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း။

ယခုရေးဆွဲတင်ပြလာသည့် Master Plan အား လေ့လာကြည့်ရာ တိုင်းရင်းသားကျေးရွာ မူလတည်ထောင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကိုက်ညီရန်အတွက် ပြန်လည်ပြင်ဆင် ညှိနှိုင်းရေးဆွဲရန် လိုအပ်သည်ကို တွေ့ရပါကြောင်း။

မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးနှင့် ပတ်သက်သည့် ဝတ်စားဆင်ယဉ်မှု ရိုးရာဓလေ့ ယဉ်ကျေးမှု အမွေအနှစ်များကို ပြသနိုင်မည့် ပြတိုက်တစ်ခု တည်ဆောက်ပြသနိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်သင့် ပါကြောင်း၊ တစ်ဆက်တည်း တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ နှစ်စဉ်ဆောင်ရွက်သည့် အခမ်းအနားများ၊ နေ့ထူးနေ့မြတ်ဆိုင်ရာ ပွဲတော်များကို တိုင်းရင်းသားကျေးရွာအတွင်း ကျင်းပနိုင်ရန်အတွက် Convention Center ကဲ့သို့ ခန်းမမျိုး တည်ဆောက်သင့်ပါကြောင်း၊ အဆိုပါ Convention Center တွင် နိုင်ငံတကာ Summit များ၊ Workshop များ၊ Seminarများ လက်ခံကျင်းပနိုင်ပါက တက်ရောက်လာသည့် ပြည်တွင်း ပြည်ပ ဧည့်သည်များကို မိမိတို့ တိုင်းရင်းသားကျေးရွာအတွင်း လှည့်လည်ပြသ ကြည့်ရှုစေနိုင်မည် ဖြစ်ပါကြောင်း။

တိုင်းရင်းသားရိုးရာအိမ်များ တည်ဆောက်ခြင်းအား တန်ဖိုးများစွာ ကုန်ကျခြင်းမရှိဘဲ လုပ်ဆောင်နိုင်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့် သဘာဝရိုးရာဓလေ့များကို စိတ်ဝင်စားလေးစားကာ တန်ဖိုးထားတတ်သည့်အတွက် ရိုးရာအိမ်များနှင့် ပြခန်းပြကွက်များသည် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်နိုင်အောင် စီစဉ်ဆောင်ရွက်ရန် လိုပါကြောင်း။

တိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းအား မူလရည်ရွယ်ချက်မပျက် တစ်ဆင့်ချင်း တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များအား ယခုအစည်းအဝေးတွင် သုံးသပ်အကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များအား အကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက တိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပံ့ပိုးပေးစေလိုသည့် လုပ်ငန်းကိစ္စများအား တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေး တင်ပြကြသည်။

ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းရင်းသားကျေးရွာကို တိုင်းရင်းသား စည်းလုံးညီညွတ်မှု အားကောင်းစေရေး အထောက်အပံ့ဖြစ်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းရည်ရွယ်ချက်နှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ယခုအစည်းအဝေးတွင် ဆွေးနွေး အကြံပြု ခဲ့သည့် အချက်များကို အခြေခံကာ Master Planအား ပြန်လည် ညှိနှိုင်းရေးဆွဲရန် လိုအပ်ပါကြောင်း၊ လိုအပ်သည့် အခြေခံ အဆောက်အအုံများကိုလည်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆက်လက်စီမံသွားရမည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် တိုင်းရင်းသားကျေးရွာ ကပွဲခန်းမတွင် ယဉ်ကျေးမှု သရုပ်ပြဝန်ထမ်းများက ဖျော်ဖြေတင်ဆက် သည့် ရိုးရာယဉ်ကျေးမှု အကများအား ကြည့်ရှုအားပေးကာ ဖျော်ဖြေတင်ဆက်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအိမ်များ၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ပကတိ အနေအထားအတိုင်း တစ်စုတစ်စည်းတည်း လေ့လာနိုင်အောင် စနစ်တကျ ထိန်းသိမ်းပြသထားပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အပန်းဖြေလေ့လာရေး လာရောက်ကြကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမှတ်(၆၀၄/၆၀၈) အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတအား ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အဆောက်အဦ အစည်းအဝေးခန်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများက အဆောက်အဦ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ အဆောက်အဦပြင်ဆင်ရန် နှစ်အလိုက်ဘဏ္ဍာငွေ ချထားပေးမှု အခြေအနေနှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးသွားပါက လုပ်ငန်းဆောင်ရွက် သွားမည် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် အဆောက်အဦအတွင်း ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများကို လှည့်လည် ကြည့်ရှုကြသည်။
(သတင်းစဉ်)