ရန်ကုန် ၃၁  သြဂုတ်

ကိုရီးယားနိုင်ငံ အခြေစိုက် Heavenly Culture, World Peace, Restoration of Light (HWPL)၏ 2019 ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် HWPL ၏ Publicity Ambassador ဒေါက်တာသာဉာဏ်တို့က ငြိမ်းချမ်းရေး အမှာစကားများ ပြောကြားကြသည်။

ထို့နောက် HWPL ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး နိုင်ငံတကာလှုပ်ရှား ဆောင်ရွက်မှုမှတ်တမ်းဗီဒီယို၊ ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေး ကြေညာလွှာနှင့် ငြိမ်းချမ်းရေးစာလွှာ မှတ်တမ်းဗီဒီယိုတို့ကို ပြသပြီး ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေး ကြေညာလွှာနှင့် စပ်လျဉ်း၍ ဥပဒေအကြောင်းအရာများကို လည်းကောင်း၊ ငြိမ်းချမ်းရေးစာလွှာကို လည်းကောင်း ရှင်းလင်း ဖတ်ကြားကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးစာလွှာများကို ပြုစုပြီး မှတ်တမ်းတင်ခြင်း၊ HWPL နှင့် သီတဂူဗုဒ္ဓ တက္ကသိုလ် (သန်လျင်) တို့အကြား ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေး ကြေညာလွှာကို လေ့လာကြည့်တော့ ကမ္ဘာကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့ စနစ်တကျ လုပ်ထားတာတွေ့ရတယ်။ တစ်ကမ္ဘာလုံးက လက်ခံ လာဖို့တော့ တော်တော်လုပ်ရဦးမယ်။ ကျွန်တော်တို့လည်း ပူးပေါင်းပါဝင်တဲ့ သူတွေအနေနဲ့ ပါဝင်ကြတယ်။ မြန်မာနိုင်ငံ အတွက်လည်း ဆောင်ရွက်နေတာတွေရှိတယ်။ တကယ်အားကောင်းလာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးအတွက် တိုက်ရိုက်အဆင်မပြေပေမယ့် အဲဒီ အသိပညာတွေနဲ့ ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ ရရှိစေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခမ်းအနားကို ကမ္ဘာ့နိုင်ငံများအပါအဝင် မြန်မာနိုင်ငံကိုလည်း ငြိမ်းချမ်းရေး ရရှိစေရန် ရည်ရွယ်၍ HWPL နှင့် နိုင်ငံတကာ အမျိုးသမီးများ ငြိမ်းချမ်းရေးအဖွဲ့ (IWPG)၊ နိုင်ငံတကာ လူငယ်များ ငြိမ်းချမ်းရေးအဖွဲ့ (IPYG) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

သတင်း-နှင့်ဓာတ်ပုံ-ဇော်ကြီး