ရန်ကုန် ၃၁ ဩဂုတ်
ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကင်းထောက်စိတ်ဓာတ်များ၊ ရှင်သန်ရန်အတွက် တောင်ငူတက္ကသိုလ်၊ တောင်ငူ ကွန်ပျူတာတက္ကသိုလ်၊ တောင်ငူ ပညာရေးကောလိပ်တို့ ပူးပေါင်း၍ ပထမအကြိမ် တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်း(၁/၂၀၁၉)ဆင်းပွဲကို ဩဂုတ် ၂၉ ရက် ညနေပိုင်းက တောင်ငူတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ တောင်ငူတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာရီရီဦးတို့က အမှာစကား ပြောကြားသည်။
ယင်းနောက် ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်ထံ သင်တန်းသား၊ သင်တန်းသူ (၂၉၅)ဦးက ကင်းထောက်အလံ ကိုင်ဆောင်၍ ကင်းထောက် ကတိခံယူကာ တောင်ငူ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်၊ တောင်ငူ တက္ကသိုလ် ကင်းထောက်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာကြည်ကြည်လွင်၊ တောင်ငူ ပညာရေးကောလိပ် ဒုကျောင်းအုပ် ဒေါက်တာ အေးအေးမြင့်တို့က သင်တန်းတွင် တစ်ဦးချင်းနှင့် ကင်းစုအလိုက် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး ကင်းထောက် အစီအစဉ်မှူးချုပ်နှင့် သင်တန်းတာဝန်ခံ ဒေါ်သစ်သစ်ဦးတို့က သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ကာ သင်တန်းဆင်း ကင်းထောက်လူငယ်များက ငြိမ်းချမ်းရေး သံတမန်များ တေးသီချင်းကို သီဆိုကြသည်။
သင်တန်းသို့ တောင်ငူတက္ကသိုလ်၊ တောင်ငူ ကွန်ပျူတာတက္ကသိုလ်၊ တောင်ငူ ပညာရေးကောလိပ်တို့မှ ပါမောက္ခ ဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြ နည်းပြများ (၃၅)ဦး အပါအဝင် တက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းကာလအတွင်း ကင်းထောက်ဖြစ်ပေါ်လာပုံ သမိုင်း၊ ကတိ၊ ကျင့်ဝတ်နှင့် လှုပ်ရှားမှုများ၊ တဲထိုးနည်း၊ ကြိုးချည်နည်းများ၊ တက္ကသိုလ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးအတွက် တောင်ငူတက္ကသိုလ်မှ တောင်ငူ ပညာရေး ကောလိပ်သို့ ပတ်ဝန်းကျင် စူးစမ်းလေ့လာမှုအဖြစ် ကင်းထောက်စခန်းချ လမ်းလျှောက်လေ့ကျင့်ခြင်း အစီအစဉ်နှင့် မီးပုံပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


