နေပြည်တော် ၃၁ သြဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ရေးဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု၊ သဘာဝဘေးဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်တပ်လှေများလိုအပ်မှု၊ ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ လိုအပ်မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတ အဖွဲ့အစည်းများ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ ရပ်မိရပ်ဖများနှင့် ထားဝယ်မြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ သဘာဝဘေး ကူညီကယ်ဆယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ လူငယ်ရေးရာ မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးကိစ္စများ၊ လူကြောင့်ဖြစ်သော ဘေးနှင့် သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ အဆိုပါကဏ္ဍများ အလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၊ လူမှု အဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် ချိတ်ဆက်ပူးပေါင်းရကြောင်း၊ အနာဂတ်၌ တာဝန်များကို လွှဲပြောင်းယူရမည့် လူငယ်များနှင့် ပတ်သက်၍လည်း တာဝန်ရှိပါကြောင်း၊ လူငယ်များတွင် အတွေးအမြင် အသစ်များ၊ တီထွင်ကြံဆ လုပ်ဆောင်နိုင်မှုများ ရှိပါကြောင်း၊ လူငယ်များသည် မိမိတို့၏ အချိန်များကို တန်ဖိုးရှိစွာ အသုံးချတတ်ရန် လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်လည်း လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် လူငယ်များ ရှိကြောင်း၊ လူငယ်များအားလုံးက လူငယ်ရေးရာ မူဝါဒအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းများက ချိတ်ဆက်ပူးပေါင်းရန် တိုက်တွန်းပါကြောင်း။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းကော်မတီ (၁၂)ခုရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကော်မတီဝင်များ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက ကွန်ယက်သဖွယ် ချိတ်ဆက်ထားရန်နှင့် အလျင်အမြန် တုံ့ပြန်အကောင်အထည်ဖော်နိုင်ရန် အသင့်ရှိစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက လူငယ်စင်တာ ဆောက်လုပ်နိုင်ရေးကိစ္စများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန်ကိစ္စများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းကို တိုင်းဒေသကြီးအတွင်း၌ပင် ဖွင့်လှစ်ပေးနိုင်ရေးကိစ္စများကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူ များက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ ရေဘေးသင့်ဒေသများအတွက် DIJAC, AFA နှင့် ဖူးကတ်မြို့နေ ပရဟိတအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမားများက ငွေကျပ်သိန်း(၃၀)ကို လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


