မန္တလေး ၃၁ သြဂုတ်
ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး)မှ ကြီးမှူးဖွင့်လှစ်သည့် ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်သူရက သင်တန်းဆင်း အမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား ဦးအာကာဖြိုးမောင်မှ လက်ခံရယူသည်။
ထို့နောက် တာဝန်ရှိသူများက စာမေးပွဲအကာင်းဆုံးဖြေဆိုနိုင်သည့် အုပ်စုစာတမ်းအကောင်းဆုံး ဖြေဆိုနိုင်သည့်အုပ်စုတို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား ဦးရဲမာန်ထက်က ကျေးဇူးတင်စကားပြောကြား၍ သင်တန်းသား၊ သင်တန်းသူများက ဦးအောင်သူရကို အမှတ်တရလက်ဆောင်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါအခမ်းအနားသို့ ပို့ကုန်သွင်းကုန်ရုံး (မန္တလေး) တာဝန်ခံ ဦးငွေစိုးနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦးဥက္ကာကျော်တို့နှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သက်တန်းသူများ တက်ရောက်သည်။
ယင်းသင်တန်းကို စီးပွားရေးကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင်' အဓိက မောင်းနှင်အားဖြစ်သော ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ဆိုင်သောလူ့စွမ်းအားအရင်းအမြစ်များ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၉ မေ(၁၀)ရက်နေ့မှ သြဂုတ်(၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ကုမ္ပဏီဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးစတင်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ မျိုးဆက်သစ်များ စုစုပေါင်း (၆၅)ဦး တက်ရောက်၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကုန်သွယ်မှုနှင့်သက်ဆိုင်သော ဌာနဆိုင်ရာများ၊ ပြင်ပ ကျွမ်းကျင်ပညာရှင်များမှ ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ ဉာဏ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လိုင်စင် ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ အလုပ်ရုံ၊ အလုပ်သမားကိစ္စရပ်များ၊ စက်မှုစစ်ဆေးရေးနှင့် ကြီးကြပ်ရေး ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဈေးကွက်ယှဉ်ပြိုင်မှု စသည့်ဘာသာရပ်များကို သင်ကြားပို့ချခြင်း၊ စာတမ်းများပြုစုခြင်း၊ စာမေးပွဲစစ်ဆေးခြင်းများ ဆောင်ရွက်သည့်အပြင် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းဌာနများနှင့် ချိတ်ဆက်၍ မန္တလေးမြို့တွင်း လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်စံမောင်


