မိတ္ထီလာ ၂၁ သြဂုတ်
မိတ္ထီလာတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပါဝင်သည့် ဘာသာရပ်ဆိုင်ရာ သုတေသနပြပွဲကို သြဂုတ်၂၁ နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်းသိရသည်။
“ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ သုတေသနလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်နေတာကိုတွေ့ရတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီနေ့ မိတ္ထီလာတက္ကသိုလ်မှာ ကျင်းပတဲ့ ဘာသာရပ်ဆိုင်ရာ သုတေသနပြပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ကျောင်းသူကျောင်းသားတွေ အနေနဲ့ မိမိတို့နဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေမှာ သုတေသနလုပ်ငန်းတွေကို စိတ်ဝင်တစား လေ့လာဆောင်ရွက်လိုစိတ်ဖြစ်ပေါ်စေဖို့ ၊ သုတေသနလုပ်ငန်းတွေနဲ့ မိမိတို့ဒေသအကျိုး၊ နိုင်ငံ့အကျိုး ဆောင်ရွက်နိုင်ကြစေဖို့ ဖြစ်ပါတယ်” ဟု မိတ္ထီလာ တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ဘဟန်က ပြောသည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ သုတေသနပြပွဲအား ပါမ္ခောချုပ်ဒေါက်တာဘဟန် နှင့် ဒုတိယပါမောက္ခချုပ်ဒေါက်တာကေသီသင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သုတေသနပြခန်းများကို တာဝန်ရှိသူများ၊ ကျောင်းသူကျောင်းသားများက စိတ်ဝင်တစားကြည့်ရှု့အားပေးကြသည်။ ၎င်း ဘာသာရပ်ဆိုင်ရာ သုတေသနပြပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ဘူမိဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အရှေ့တိုင်းပညာ ၊ ဓာတုဗေဒ ၊ ဒဿနိကဗေဒ ၊ ဥပဒေပညာ ၊ ရူပဗေဒ စုစုပေါင်း ဘာသာရပ် ၁၃ ခု၏ သုတေသန ပြခန်း ၁၃ ခု ကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


