နေပြည်တော် ၂၀ သြဂုတ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပခဲ့သော International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၉ ရက် ညပိုင်းတွင် မော်စကိုမြို့မှ ပြန်လည်ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက Domodedovo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Mr. Andrey Baronov၊ စစ်သံမှူး Colonel Eduard OKLADNIKOV နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခရီးစဉ်အတွင်း International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံ စစ်ဘက်အကြီး အကဲများနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


