မန္တလေး ၂၀ ဩဂုတ်
မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နှင့် မန္တလေးမြို့ရှိ ဇာတ်၊ အငြိမ့်၊ ဆိုင်း တည်ထောင်သူများ တွေ့ဆုံပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟာမိုနီဟိုတယ်တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဌ ကိုဖိုးချစ် က အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေး ဂီတကွန်ယက်(သဘင်) မှ တာဝန်ရှိသူများ က မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)အတွက် အလှူငွေကျပ်သိန်း(၃၀) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ကိုဝင်းနောင် က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၎င်းနောက် တက်ရောက်လာသော မန္တလေးမြို့ရှိ ဇာတ်၊ အငြိမ့်၊ ဆိုင်း တည်ထောင်သူများ က မိမိတို့ အနုပညာလောကနှင့် ပတ်သက်သည့် အခက်အခဲများအား မေးမြန်းဆွေးနွေးရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဌ နှင့် တာဝန်ရှိသူများ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ ဇာတ်၊ အငြိမ့်၊ ဆိုင်း တည်ထောင်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
မန္တလေးခရိုင် (၇)မြို့နယ်တွင် ယေဘုယျအားဖြင့် ဇာတ်အဖွဲ့ (၄၀)ကျော်၊ အငြိမ့်အဖွဲ့(၄)ဖွဲ့နှင့် ဆိုင်းအဖွဲ့(၈၀)ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အနုပညာရှင်များ တည်ထောင်ခွင့် လိုင်စင်ဆိုတာရှိတယ်၊ လိုင်စင်က ဝါဆိုလဆန်းမှ သီတင်းကျွတ်လကုန်ထိ လိုင်စင်ထုတ်ပေးတာဆိုတော့ စာရင်း အတိအကျတော့ ပြောလို့မရသေးဘူး၊ ဒါ့အပြင် ကုတင်ထိုး၊ စင်ထိုး၊ တကိုယ်တော်၊ ဆပ်ကပ်၊ ရုပ်သေး၊ မျက်လှည့်၊ ကျွမ်းဘား၊ အစရှိသည်များလည်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဌ ဦးပစ်တိုင်းထောင် က ပြောပြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


