နေပြည်တော် ၁၆ သြဂုတ်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက " သြဂုတ် ၁၅ ရက်က ဖြစ်သွား တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ တပ်မတော်ကသတင်းထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းနဲ့တပ်မတော်က သတင်းနဲ့ပေါင်းစပ်ပြီး သတင်းထုတ်ပြန်ထားတာ ရှိပါတယ်။
"နောက်တစ်ချက်က စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို ခန့်အပ်တဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ပူးတွဲကိုင်တဲ့အတွက် ကျန်ရှိနေတဲ့ ဝန်ကြီးဌာနလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာမင်းရဲပိုင်ဟိန်းကို ခန့်အပ်ခဲ့ ခြင်းဖြစ်ပါတယ်။ ဒါတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
"လောလောဆယ်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မန္တလေး တိုင်းဒေသကြီး ခရီးစဉ်သွားရောက်ပါတယ်။ အဓိကအားဖြင့်တော့ ကင်းထောက် လူငယ်တွေနဲ့ အောက်မြန်မာပြည်မှာ တွေ့ပြီးပါပြီ။ အထက် မြန်မာပြည်မှာ တစ်ကြိမ် တွေ့ဆုံဖို့ရှိပါတယ်။ နောက်တစ်ချက်ကတော့ မန္တလေးမှာရှိတဲ့ အဆို၊ အက၊ အတီး၊ ပန်းချီသင်တန်း ကျောင်းကို သွားရောက်တာရှိပါမယ်။ ဒီနေ့ညမှာတော့ အထက်မြန်မာ ပြည်မှာရှိတဲ့ မြန်မာနိုင်ငံ စာရေးဆရာတွေနဲ့ တွေ့ဆုံပွဲရှိပါမယ် " ဟု ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ဖြေကြားသည်။
News Watch ဂျာနယ်မှ သတင်းထောက် ဦးမောင်မောင်ထွန်း၏ သြဂုတ်လ ၁၂ ရက်ည MRTV သတင်းနှင့် ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၏ ဆောင်ရွက်ချက်သတင်း တွင် အဓိကအားဖြင့် အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသွားသော တိုင်းရင်းသားများ အတွက်ဆိုသော စကားရပ် ဖော်ပြချက်နှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းနေ့က သတင်းစာ ၃ စောင်နှင့် မြန်မာ့ရုပ်မြင်သံကြားတွင် မှားယွင်း သွားသည့် ဖော်ပြချက်ဖြစ်ပါကြောင်း၊ ထိုသို့ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ နံပါတ်တစ်အနေ ဖြင့် ပြောကြားလိုသည်မှာ အဆိုပါအသုံးအနှုန်း၊ ဝေါဟာရသည် နိုင်ငံတော်အစိုးရ၏ မူ၊ နိုင်ငံတော်အစိုးရ၏ အာဘော်လုံးဝမဟုတ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ရှင်းလင်းအောင် ထပ်ပြောရပါက နိုင်ငံတော်အစိုးရ၏ မူ၊ နိုင်ငံတော်အစိုးရ၏ အာဘော်လုံးဝမဟုတ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒ ပြောင်းလဲခြင်း တစ်စုံတစ်ရာမရှိပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ယင်းကိစ္စကို မိမိတို့စိစစ်ပါကြောင်း၊ အဓိက ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ခေါ်ယူမေး မြန်းစိစစ်ပါကြောင်း။
ထိုသို့ စိစစ်ရာတွင် သတင်းကို စတင်ရေးသားသည့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် တာဝန်ရှိသကဲ့သို့ ထိုသတင်းကို တည်းဖြတ်ပြီး သတင်းစာနှင့် ရုပ်သံတွင် ဖော်ပြခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနတွင်လည်း တာဝန်ရှိပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် မှားယွင်းဖော်ပြမိကြောင်း သြဂုတ် ၁၅ ရက်တွင် ကြေညာထားပြီး ဖြစ်ပါကြောင်း၊ တတိယအချက်အနေဖြင့် အဆိုပါဝန်ကြီးဌာနနှစ်ခုအနေဖြင့် စကားလုံး မှားယွင်းဖော်ပြသည့်အတွက်၊ အထင်အမြင်လွဲမှားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည့် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို စစ်ဆေးအရေးယူမှုများ လုပ်ခိုင်းထားပါ ကြောင်း၊ လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးမှုများလုပ်နေပါကြောင်း၊ ဌာနဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ ဧရာဝတီသတင်းဌာနမှ မေးမြန်းသည့် ပြင်ဦးလွင်နှင့် နောင်ချိုတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် လတ်တလော မိုင်းလားနှင့်တွေ့ဆုံမှု ဖြစ်နိုင်ချေ ရှိ၊ မရှိ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်မှု ရှိ၊ မရှိနှင့် တပ်မတော်မှ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အခြေအနေကို အစိုးရထံ အကြောင်းကြားဆောင် ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ညွန်ကြားရေးမှူးချုပ်က မြောက်ပိုင်းလေးဖွဲ့နှင့် Bilateral Ceasefire Agreement ရေးထိုးနိုင်ရေးအတွက် NRPC ဘက်မှ အဆိုပြုချက် များ ပေးထားပြီးဖြစ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမည့် နေရာများ ညှိနှိုင်းလျက်ရှိပါ ကြောင်း၊ တစ်ဖက်မှလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထိထိရောက်ရောက်ဆွေးနွေး နိုင်ရန် စစ်တိုင်းကြီး ငါးတိုင်းတွင် အပစ်ရပ်ထားသည်မှာ ယခုလကုန်ဆိုလျှင် ရှစ်လရှိ ပြီဖြစ်ကာ သုံးကြိမ်တိုင်ပြီဖြစ်ပါကြောင်း၊ ပြင်ဦးလွင်နှင့် နောင်ချိုတွင် ဖြစ်ပွားသည့် ဖြစ်စဉ်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပါကြောင်း၊ အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ခြင်း နှင့် မူးယစ်ဆေးဝါးစစ်ဆေးသည့် ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်းသည် ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဖြစ်စဉ်သည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာ ထိခိုက်စေပါကြောင်း၊ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အမြဲပင် လမ်းဖွင့်ထားပါကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အမှန်တကယ်လိုလားသည့် ဆန္ဒနှင့် ငြိမ်းချမ်းရေးလိုလားသည့် နိုင်ငံရေး ဆန္ဒရှိရန်လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အနှောင့်အယှက် ဖြစ်စေမည့်ကိစ္စရပ်များကို မလုပ်ဆောင်သင့်ဟု ထင်မြင်ပါကြောင်း။
မြောက်ပိုင်းလေးဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားပါကြောင်း၊ လက်နက်ကိုင်ခြင်းဖြင့် နိုင်ငံရေးအဖြေ မရနိုင်ပါကြောင်း၊ နိုင်ငံရေးအဖြေကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးနိုင်ရန်အတွက်လည်း ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ ဦးစားပေးမူဝါဒဖြစ်သည့် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအတွက် ပြင်ဦးလွင် တိုးဂိတ်တွင်ချထားသည့် မူးယစ်ဆေးဝါးစစ်ဆေး သည့် X-Ray စက်ကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်ပါကြောင်း၊ ထိုသို့တပ်ဆင်ခြင်းမှာ မေ ၅ ရက်က တပ်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့တပ်ဆင်ခဲ့သည့်အတွက် ဘိန်းဖြူ ၄၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅ သန်း သိမ်းဆည်းနိုင်ခဲ့ပါကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် အထောက်အကူပြုသည့် စက်ကိရိယာ ကို ဖျက်ဆီးသည့်ရည်ရွယ်ချက်ကို စဉ်းစားကြည့်လျှင် သိရှိနိုင်ပါကြောင်း။
နောင်ချိုမြို့ရှိ မူးယစ်ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါကြောင်း၊ မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်ခြင်းကို ထိခိုက် စေသည့် သဘောဖြစ်ပါကြောင်း၊ ဂုတ်တွင်းတံတား ထိခိုက်ပျက်စီးသွားသည့် အတွက် နယ်စပ်ကုန်သွယ်ရေးအတွက် ဆက်သွယ်သွားလာနေသည့် ကားများ ပိတ်ဆို့မှုဖြစ်ပေါ် ခဲ့ပါကြောင်း၊ ထိုသို့တံတားပျက်စီးခဲ့သည့်အတွက် ကုန်သွယ်မှု ခေတ္တရပ်တန့်သွားပြီး နိုင်ငံတော်အစိုးရအနေဖြင့် အမြန်ဆုံးသွားလာနိုင်ရန် ဆောင်ရွက်ထားပါကြောင်း၊ ငါးရက်အတွင်း နှစ်လမ်းသွား ဘေလီတံတားဖြင့် ကားကြီးများ ဖြတ်သန်းသွားနိုင်အောင် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ပြင်ဦးလွင်နှင့် နောင်ချိုတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် တပ်မတော်ဘက်မှ အရာရှိစစ်သည် ၉ ဦးကျဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိပါကြောင်း၊ အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံး ခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ပါကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရဲတပ်ဖွဲ့မှ လက်နက်ခဲယမ်း တန်ဖိုးမပါဘဲ ပျက်စီးဆုံးရှုံးမှု သိန်းပေါင်း ၂၀ဝ၀ ကျော်ဖြစ်ပေါ်ခဲ့ပါ ကြောင်း။
နိုင်ငံတော်လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများက အစဉ်အမြဲ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်ရာတွင် ရာနှုန်းပြည့် အာမခံနိုင်သည့် လုံခြုံရေးမျိုးကို နိုင်ငံတိုင်း နိုင်ငံတိုင်းအနေဖြင့် အာမခံပေးရန် ခက်ခဲ သော်လည်း ယခုဖြစ်စဉ်အပေါ် အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ နောက် တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့အတူ ဧရာဝတီသတင်းဌာနမှ မေးမြန်းသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး စတင်နိုင်မည့်အခြေအနေအပေါ် ညွှန်ကြားရေးမှူးချုပ်က နေရပ်စွန့်စွာသူများ ပြန်လည်လက်ခံရေး စတင်ရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက အဆင်သင့်ဖြစ်ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း အကြောင်းကြောင်းကြောင့် မလာရောက်နိုင် သေးပါကြောင်း၊ သြဂုတ် ၉ ရက်က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပေးပို့ထားသည့် စာရင်းရှိပါကြောင်း၊ ထိုစာရင်းအပေါ်တွင် မြန်မာနိုင်ငံဘက်တွင် အမှန်တကယ် နေထိုင်ဖူးသူများဟုတ်၊ မဟုတ်နှင့် အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူများ ဟုတ်၊ မဟုတ် စိစစ်ထားပါကြောင်း၊ စိစစ်ပြီး ပြန်လည်လက်ခံမည့် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဒုတိယအသုတ်အဖြစ်ပေးပို့ထားသည့် နေရပ်စွန့်ခွာသူ ဦးရေ ၂၂၄၃၂ ဦးထဲမှ ပြန်လည် လက်ခံရေးအတွက် အသင့်ဖြစ်သည့် ဦးရေ ၃၄၅၀ ကို အသုတ် ၇ သုတ်ခွဲကာ ပြန်လည်လက်ခံသွားမည်ဖြစ်သည်ဟု အဆိုပြုထားပါကြောင်း၊ ပြန်လည်လက်ခံမည့်သူများကို ပြန်လည်နေရာချထားရာတွင် အားလုံးစုစည်းနေထိုင်နိုင်ရန် အဆိုပြုပါကြောင်း၊ ထို ၃၄၅၀ မဟုတ်သူများကို လွှဲပြောင်းပေးရန် အဆိုပြုလာခဲ့ပါက လက်ခံရရှိသည့် အချိန်မှ စတင်ကာ စိစစ်မှုများ ဆောင်ရွက်ပြီး နှစ်ပတ်အတွင်း ပြန်လည်လက်ခံသွားမည်ဟု ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် ဆွေးနွေးထားပါကြောင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘာသာရေးအရ ရုံးပိတ်ရက်ရှည်ဖြစ်နေသည့်အတွက် ရုံးပြန်ဖွင့်လှစ်သည့် လာမည့်အပတ်တွင် မြန်မာနိုင်ငံဘက်သို့ အမြန်ဆုံးအကြောင်း ပြန်ကြားပေးရန်လည်း ဆွေးနွေးထားပါကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်အရ လက်ခံသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ အဆိုပြုထားသည့် ၃၄၅၀ ကို သြဂုတ် ၂၂ ရက်တွင် စတင်လက်ခံရန် ညှိနှိုင်းထားပါကြောင်း ပြောကြားသည်။
သတင်းစဉ်


