မြိတ် ၁၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်မြေပြို၍ နေအိမ်များ ပျက်စီးမှုဖြစ်ခဲ့သော ပြည်သူများအား ယေန႔ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက အားပေးစကားများ ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ်လ(၁၀)ရက်က မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်၌ တောင်မြေပြို၍ နေအိမ်များ ပျက်စီးခဲ့သူများအား တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဘေးသင့်ပြည်သူများအား အောင်မြေသုခဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိကြရာ ၄င်းတို့အား တာဝန်ရှိသူများက သွားရောက်အားပေးစကားများ ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
နေအိမ်ပျက်စီး အိမ်ထောင်စု ၈ စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်စီ၊ ပြောင်းွေ့နေထိုင်သူအားလုံးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၃၀၂၄၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက် ပစ္စည်း(၁၁)မျိုး၊ မိသားစုသုံးပစ္စည်းတစ်စုံ၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးသုံးပစ္စည်း(၁)စုံ စီ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ထမင်းဗူး၊ ခြောက်ဆွဲခြောက်၊ လက်ဖက် ရည်ထုပ်၊ ရေသန့်တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ တောင်မြေပြို၍ နေအိမ်များ ပျက်စီးခဲ့သည့် ပြင်းငယ်ကျေးရွာရှိ နေအိမ်(၆)လုံးအတွက် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၆)စုံ၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၉)သိန်းကျပ်၊ ပြောင်းရွေ့နေထိုင်သူ အားလုံးအတွက် ဆန်ဖိုးထောက်ပံ့ငွေကျပ် ၂၆၀၄၀ဝ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း၊ မိသားစုသုံးပစ္စည်း၊ တစ်ကိုယ် ရေသုံးပစ္စည်း၊ အမျိုးသမီးသုံးပစ္စည်း(၆)စုံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


