ဂန့်ဂေါ ၁၀ သြဂုတ်
ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာတောင်ဒေသရှိ ကြက်ရိုးကျေးရွာတွင် ဆင်းပဒေသာ ၁၁ မြေပဲမျိုးကို စံပြကွက်အဖြစ် ၁၀ဧက စိုက်ပျိုးထားသည့်အပြင် မြစ်သာရေလှောင်တမံ ဘက်စုံ စီမံကိန်းဒေသ စပယ်ကျေးရွာတွင်လည်း ဆင်းပဒေသာ ၁၁ မြေပဲစံပြကွက် ၁၀ ဧက တို့ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဂန့်ဂေါမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီပြီး တောင်သူများအကျိုးအမြတ်ဖြစ်စေမဲ့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်’’ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထင်အောင်ကြွယ်က ပြောသည်။
အဆိုပါ စံပြကွက်များအနက် ကြက်ရိုးကျေးရွာတွင် စိုက်ပျိုးထားသည့် မြေပဲ စံပြကွက် သို့ ဂန်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဩဂုတ်လ ၉ ရက်က ကွင်းဆင်းကြည့်ရှုပြီး တောင်သူများအား ဆင်းပဒေသာ ၁၁ မြေပဲမျိုး၏ အရည်အချင်း လက္ခဏာများကို ရှင်းလင်းပြောပြကာ ပိုးမွှားရောဂါများစနစ်တကျကာကွယ်နှိမ်နင်းရေး ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စိန်ကျော်


