ကျောက်ကြီး ၈  သြဂုတ် 


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မီးတိုင်တောကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၌ မုန်းချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးကျွံကျကာ နေအိမ် (၃)လုံး ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ 


အဆိုပါ ချောင်းကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုဝင်များအား တပ်မတော်သားများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ကျောင်းစုကျေးရွာ ချောင်းကမ်းပါးဘေးရှိ ဒေါ်စန္ဒာသိန်းမြ၏ (၄)ပင်ပတ်လည် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး အိမ်၊ စောအယ်တီးကော်၏ (၅)ပင်ပတ်လည် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ်နှင့် ဦးစိုးသူ၏ (၄)ပင် (၃)ပင် ထရံကာ၊ ပျဉ်ခင်း၊ အင်ဖက်မိုးအိမ်တို့အား ဖျက်သိမ်းခဲ့ပြီး နီစပ်ရာဆွေးမျိုးများနေအိမ်သို့ ဝိုင်းဝန်းပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။


ထို့ပြင် ကျောက်ကြီးမြို့နယ်တွင်း စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်(၈၆၀) အန္တရာယ်ရေအမှတ် (၉၃၀)စင်တီမီတာရှိရာ ယနေ့တွင် (၉၁၀)စင်တီမီတာရှိပြီး ကျောက်ကြီးချောင်းရေ (၅ ဒသမ ၅)ပေ မြင့်တက်ဝင်ရောက်လာသဖြင့် ကျောက်ကြီးမြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများမှ အိမ်ထောင်စု (၂၄၇)စု လူဦးရေ (၁၀၉၆)ဦးတို့အား ကယ်ဆယ်ရေးစခန်းများနှင့် နီစပ်ရာဆွေးမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့ထားရသည်။


အဆိုပါ ချောင်းရေမြင့်တက် ရေဝင်ရောက်မှုအား  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး၊ ကျောက်ကြီးမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည် သောက်ရေနှင့် ကျန်းမားရေးစောင့်ရောက်မှုများ စီစဉ်ဆောင်လျက်ရှိကြောင်း သိရသည်။


ကိုသားကြီး(ကျောက်ကြီး)