နေပြည်တော် ၈ သြဂုတ်
သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာတောင်တန်း ဒေသဖွံ့ဖြိုးရေးဗဟိုအဖွဲ့ International Centre for Integrated Mountain Development (ICIMOD) တို့ ပူးပေါင်းကျင်းပသည့် ဟိန္ဒူ-ကတ်ရှ်-ဟိမဝန္တာ တောင်တန်းဒေသ ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့စေရေး အဆင့်မြင့်အရာရှိများ မူဝါဒရေးရာ ဆွေးနွေးပွဲ ''The Hindu Kush Himalaya (HKH) Assessment Mountains, Climate Change, Sustainable & People '' ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ၏ တောင်တန်းဒေသများသည်နိုင်ငံ ဧရိယာ၏ ၄၂ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ တောင်တန်းဒေသများသည် ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဌာနေတိုင်းရင်းသားလူမျိုးများမျိုးစုံ တည်ရှိခြင်းနှင့် ရေချိုသယံဇာတအရင်းအမြစ် မြစ်ဖျားခံရာနေရာများဖြစ်သည့် အတွက် နိုင်ငံ့စီးပွားရေးအတွက် အရေးပါကြောင်း၊ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ အရေးကြီးနေရာအများစုသည် တောင်တန်းဒေသများတွင် တည်ရှိကြပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပါသော မျိုးစိတ်များနှင့် ဒေသရင်းမျိုးစိတ်များ မှီခိုနေထိုင်ရာ နေရာလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်တန်းဒေသရှိ သဘာဝသယံဇာတ များကို ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့စေခြင်း တို့အားနိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမူဝါဒ၊ သစ်တောပြုန်းတီးခြင်းနှင့် အတန်းအစားကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းဆိုင်ရာ REDD Plus mechanism အစရှိသည့် နိုင်ငံအဆင့်မူဝါဒ၊ မူဘောင်နဲ့ မဟာဗျူဟာတွင် ထည့်သွင်းထားပါကြောင်း။
မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းမူဝါဒနှင့် စီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဂေဟတည်းခိုဆောင်ဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲခြင်း၊ အစီအစဉ်များနှင့်ပတ်သက်ပြီး (ICIMOD)၏ ကူညီပံ့ပိုးပေးမှုများသည် တောင်တန်းဒေသသာမက အခြားနေရာဒေသများ၏ ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကိုပါ အထောက်အကူပြုပါကြောင်း၊ ဟိန္ဒူ-ကတ်ရှ်-ဟိမဝန္တာဒေသ အကဲဖြတ်ချက်အစီရင်ခံစာသည် နိုင်ငံပေါင်း (၂၂)နိုင်ငံ၊ အဖွဲ့အစည်းပေါင်း (၁၈၅)ခုမှ သုတေသီ (၃၅၀)ကျော်၊ ဟိန္ဒူ-ကတ်ရှ်-ဟိမဝန္တာဒေသရှိ နယ်ပယ်အသီးသီးမှာ လက်တွေ့လုပ်ငန်းလုပ်ကိုင် နေသူများ၊ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ရေးသားထားသည့် အစီရင်ခံစာ တစ်ခုဖြစ်ကြောင်း။
အဆိုပါ အစီရင်ခံစာသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်၊ ရာသီဥတု ပြောင်းလဲမှုလျော့နည်းသက်သာစေခြင်း၊ လိုက်လျောညီထွေဖြစ်ခြင်း၊ တောင်တန်းဒေသများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်းအစီအမံများ အကောင်အထည်ဖော်ရန်အတွက် အရေးပါကြောင်း၊ အဓိကအနေနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုများသည် နယ်စပ်ဖြတ်ကျော်ဖြစ်ပြီး ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်းနိုင်ငံများမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက် လျှော့ချရန် တညီတညွတ်တည်း တောင်းဆိုကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အရာထမ်းများ၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးရေး ဗဟိုဌာန (ICIMOD) မှ ညွှန်ကြားရေးမှူးချုပ် Dr David Molden နှင့် ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ အရာရှိကြီးများ တက်ရောက်ကြသည်။
ယင်းနောက် အဆင့်မြင့်အရာရှိကြီးများ မူဝါဒရေးရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ဆောင်ရွက်ခဲ့ပြီး ICIMOD မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Eklabiya Shama နှင့် တာဝန်ရှိသူများမှ The HKH Call to Action ၆ ခုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


