MyCO ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ တစ်နှစ်အတွင်း ခြောက်သောင်းခြောက်ထောင်ကျော်ရှိ

ရန်ကုန်  ၂ သြဂုတ် 


MyCO ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ တစ်နှစ်အတွင်း ခြောက်သောင်းခြောက်ထောင်ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ်(MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ကာ အဆိုပါစနစ်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကျင့်သုံးလျက်ရှိရာ ၂၀၁၉ ခုနှစ် သြဂုတ် ၁ ရက်နေ့အထိ တစ်နှစ်အတွင်း ကုမ္ပဏီအသစ် ၂၀ဝ၀ဝ ဝန်းကျင်နှင့် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီအဟောင်း ၄၆၀ဝ၀ ကျော်၊ စုစုပေါင်း ကုမ္ပဏီ ခြောက်သောင်းခြောက်ထောင်ကျော်ကို မှတ်ပုံတင်နိုင်ခဲ့သည်။


ထို့သို့  အီလက်ထရောနစ် မှတ်ပုံတင်စနစ်(MyCO)အသုံးပြု၍ မှတ်ပုံတင်ရာတွင်လည်း Online Application ကို အသုံးပြု၍ မှတ်ပုံတင်သူမှာ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး Manual Filings ကို အသုံးပြုသူမှာ ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။


အဆိုပါ အီလက်ထရောနစ် မှတ်ပုံတင်စနစ်(MyCO)အသုံးပြု၍ မှတ်ပုံတင်သည့် ကုမ္ပဏီအသစ်မှာလည်း  လစဉ် တစ်ထောင်ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။


ထို့ပြင် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီအဟောင်းများကို  ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားကာ ပြန်လည်မှတ်ပုံတင်ရန် ကြေညာခဲ့ပြီး  ပြန်လည်မှတ်ပုံမတင်သော ကုမ္ပဏီများကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားထားသည်။


ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ယခင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၆၀ဝ၀ဝ ကျော်ရှိပြီး ပြန်လည်မှတ်ပုံတင်ရန် သတ်မှတ်ထားသော အချိန်ကာလ ပြည့်သည့်အချိန်တွင် ပြန်လည်မှတ်ပုံတင်သည့်ကုမ္ပဏီ ၄၆၃၇၇ ခုရှိပြီး ပြန်လည်မှတ်ပုံတင်ရန် ကုမ္ပဏီ တစ်သောင်းကျော်ကျန်ရှိနေသေးသည်။


သို့သော် ပြန်လည်မှတ်ပုံတင်မည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလထက် နောက်ကျပြီး ပြန်လည်မှတ်ပုံတင်မည်ဆိုပါက လုံလောက်သည့် ခိုင်လုံသော အကြောင်းပြချက် ပေးရမည်ဖြစ်သည့်အပြင် သတ်မှတ်ထားသည့် ဒဏ်ကြေးငွေပါ ပေးဆောင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်း က ပြောကြားထားသည်။ 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း ၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၆၆/၂၀၁၈ ၏ အခန်း(၃)၊ တည်ဆဲကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်ခြင်း အပိုဒ်(ဂ)တွင် ပြန်လည်မှတ်ပုံတင်ရန် ကာလအတွင်း တည်ဆဲကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပါက မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ 

 

အဆိုပါအကြောင်းကြားစာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပြီးသည့်အခါ ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကို ဖျက်သိမ်းခြင်း မပြုသကဲ့သို့ ဆက်လက်အကျိုး သက်ရောက်စေရမည်ဖြစ်ကြောင်း၊ အပိုဒ်(D)တွင် မှတ်ပုံတင်အရာရှိသည် ပြန်လည်မှတ်ပုံတင်ရန် ကာလအတွင်း အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော တည်ဆဲကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် ပျက်ကွက်ရခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြလာပါက မှတ်ပုံတင်စာရင်းမှ ယင်း၏အမည်ကို ပယ်ဖျက်ခြင်းမပြုမီ ပြန်လည်ထိန်းသိမ်းနိုင်ပြီး ထိုသို့ ပြန်လည်ထိန်းသိမ်းခြင်းအတွက် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် ပေးဆောင်ရမည့် အခကြေးငွေ  တစ်စုံတရာကို ပေးဆောင်စေရန် ဆောင်ရွက်နိုင်သည်ဖြစ်ကြောင်း ဖော်ပြထားသည်။


Nyein Nyein