ရန်ကုန် ၃၀ ဇူလိုင်


ရွှေပြည်သာမြို့နယ်ရှိ လမ်းပေါက်ပျက်စီးနေသော လှော်ကား - ဝါးတရာ လမ်းမကို အရှည်ပေ ၉၀ဝ၀  အကျယ် ၂၄ ပေ ထု ၁၁ လက်မ လမ်းပခုံးသား ဝဲယာသုံးပေစီဖြင့် ထပ်ပိုးလွှာကွန်ကရစ် ကျောက်လမ်းသစ်ခင်းကျင်းခြင်းလုပ်ငန်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မြောက်ပိုင်းခရိုင်ခွဲမှ တာဝန်ယူခင်းကျင်းခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြင့်၍ သြဂုတ် ၁၀ ရက်တွင် ခရီးသွားယာဉ်နှင့် ပြည်သူများကို လမ်းအသုံးပြု ခွင့်ပေးတော့မည်ဟု ဇူလိုင် ၃၀ ရက်က သိရသည်။


“ကျွန်တော်တို့ဌာနက သတ်မှတ်အချိန်ကာလအတွင်းမှာ စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေး ကောင်းမွန်ပြီး ရေရှည်ကြံ့ခိုင်တည်တံ့အောင် ဆာင်ရွက်ထားပါတယ်။ လမ်းခင်းခြင်း လုပ်ငန်းအားလုံးကို ဇူလိုင် ၂၉ ရက်ကပြီးစီခဲ့ပါတယ်” ဟု လမ်းခင်းလုပ်ငန်းတာဝန်ခံ ဦးသန့်ဇော်ဝေ က ပြောသည်။


အဆိုပါလမ်းကို ၂၀၁၈- ၂၀၁၉ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အများပြည်သူ လမ်းအသုံးပြုရာတွင် ခက်ခဲပြီး အန္တရာယ်ဖြစ်ပွားလျက်ရှိသော မူလ ကတ္တရာ လမ်းသား ဟောင်းကို ထပ်ပိုးလွှာကွန်ကရစ် ကျောက်လမ်းသစ် ခင်းကျင်းခြင်းဖြစ်သည်။


“ ဒီလမ်းမကို အားကိုးပြီး အမှတ်( ၁၅၊ ၁၆၊ ၁၇၊ ၂၁၊ ၂၂၊ ၂၃ ) ရပ်ကွက်များမှ ပြည်သူတွေ ဝါးတရာစက်မှုဇုန်နဲ့ သစ်အခြေခံစက်မှုဇုန်တို့မှာ အလုပ်ဆင်းနေကြတဲ့ဝန်ထမ်းတွေ YBS ( ၃၉၊ ၄၀၊ ၆၅၊ ၇၃၊ ၆၈၊ ၆၉) ခရီးသည်တင်ယာဉ်လိုင်းတွေက အသုံးပြုနေတဲ့လမ်းပါ။ အရင်က ပြည်သူတွေ လမ်းကို အသုံးပြုတဲ့နေရာမှာ ညည်းတွားသံမျိုးစုံနဲ့အခက်အခဲ ကြားကသွားခဲ့ရတယ်။ အခုတော့ မကြာမီအချိန်မှ လမ်းသစ်ဖွင့်လိုက်ရင် ပြည်သူတွေဟာ  မိမိသွားလိုရာခရီးကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြတော့မယ။် ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးကို ပြည်သူကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု အမှတ်(၁၆) ရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


မြင့်သန်းကြည်(ရွှေပြည်သာ)