ရန်ကုန် ၃၀ ဇူလိုင်


မလေးရှားနိုင်ငံ ကင်းထောက် သက်ကြီး အမျိုးသမီးအဖွဲ့က တာဝန်ယူကျင်းပသည့် နိုင်ငံတကာ ကင်းထောက် သက်ကြီးအမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး တွေ့ဆုံဆွေးနွေးပွဲ (Bridging Guilds 2019) တက်ရောက်ခဲ့သော မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ ခေါင်းဆောင်သော ကင်းထောက် အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် (၂၉) ရက် ညနေ (၃)နာရီက မလေးရှားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ အမျိုးသားကင်းထောက်ကြီး ဦးဉာဏ်ထွန်းဦးနှင့် ကင်းထောက် အမျိုးသမီးကြီးများ၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

1

 


မလေးရှားနိုင်ငံ ဆလန်ဂေါ်(Selangor) မြို့နယ်တွင် နိုင်ငံတကာ ကင်းထောက် သက်ကြီးအမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး တွေ့ဆုံဆွေးနွေးပွဲ (Bridging Guilds 2019) ကို ဇူလိုင်လ (၂၅) ရက်မှ (၂၈) ရက်နေ့အထိ ကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နိုင်ငံတကာမှ ကင်းထောက် သက်ကြီးအမျိုးသမီး များနှင့်အတူ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့မှ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာနှင့် ကင်းထောက်အမျိုးသမီးကြီး ဒေါ်ကြည်ကြည်ဆင့်၊ ဒေါ်သိန်းသိန်းဝင်း၊ ဒေါက်တာ ဒေါ်ခင်မာလာ၊ ဒေါ်မြသန္တာဝင်း၊ ဒေါ်နီလာသန်းတို့ တက်ရောက်ခဲ့ကြသည်။

 

1

 


ဇူလိုင် (၂၅)ရက်နေ့ တွေ့ဆုံ ဆွေးနွေးပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပရာ မလေးရှားနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ တော်ဝင်နာယက မိဖုရား- Her Royal Highness Tengku Permaisuri Selangor Tengku Permaisuri Norashikin(Royal Patron Girl Guides Association Selangor Branch) တက်ရောက်ချီးမြှင့်ခြဲ့ပီး ၂၀၂၁ ခုနှစ်တွင် (၂)နှစ်တစ်ကြိမ် ကျင်းပမည့် နိုင်ငံတကာ ကင်းထောက်သက်ကြီး အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး တွေ့ဆုံဆွေးနွေးပွဲ (Bridging Guilds 2021)ကို မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် သဘောတူ ဆုံးဖြတ်ချက်အရ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ  Yang Berbahagia Puan Sri Datin Sri Hajah Zalillah Mohd Taib (Chairman Bridging Guilds 2019) က မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါ်ခင်စောဥမ္မာ အား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အထိမ်းအမှတ် (၂) နိုင်ငံ လည်စည်းများကို လက်ဆင့်ကမ်း ပေးအပ်ခဲ့သည်။ 


ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ကင်းထောက် သက်ကြီးအမျိုးသမီးများ၊ နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအလိုက် သက်ကြီး ကင်းထောက်လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးတင်ပြရာ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာက မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည့်အပြင် တွေ့ဆုံဆွေးနွေးပွဲ အထိမ်းအမှတ် တီရှပ်များတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက စာသားများ၊ လက်ရေးပန်းချီများ လက်တွေ့ရေးဆွဲကာ ယင်းတီရှပ်များကို အဖွဲ့လိုက် ယှဉ်ပြိုင်မှုများလည်း ပြုလုပ်ကြသည်။ 


တွေ့ဆုံဆွေးနွေးပွဲ (၄)ရက်တာ ကာလအတွင်း နိုင်ငံတကာ ကင်းထောက် သက်ကြီးအမျိုးသမီး ကိုယ်စားလှယ် များနှင့်အတူ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီး(၆) Internationl Night ပွဲတွင် ဗမာ၊ ကချင်၊ ကရင်၊ ချင်း ရိုးရာ အဝတ်အစားများ ဝတ်ဆင်၍ ကချင်အက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ Bazzer Night ဈေးရောင်းပွဲတွင်လည်း နိုင်ငံအလိုက် ဒေသထွက်ကုန်များ၊ ပစ္စည်းများရောင်းချကြရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ရောင်းချသည့် မြန်မာ့ရိုးရာ အစားအစာများ အမှတ်တရ အိတ်များကို တက်ရောက်လာသည့် နိုင်ငံတကာမှ သက်ကြီးအမျိုးသမီး ကင်းထောက်များ၏ ကြည့်ရှုနှစ်သက် ဝယ်ယူအားပေးမှု များပြားသည့်အပြင် မလေးရှားနိုင်ငံမှ ထင်ရှားကျော်ကြားသည့် စာဖိုးမှူးကြီးကလည်း တက်ရောက်လာကြသူများကို ချက်ပြုတ်နည်းများ လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ပြီး ကိုယ်စားလှယ်များသည် ကွာလာလမ်ပူမြို့ရှိ ထင်ရှားသော နေရာများကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။ 


MDN