ဈေးကွက်အတွင်း လက်ကျန်နည်းပါးနေခြင်းကြောင့် မြေပဲလုံးဆံဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

မန္တလေး ၂၃ ဇူလိုင် 

 


မြေပဲလုံးဆံထွက်ရှိရာ ထီးချိုင့်၊ ကသာနှင့် စဥ့်ကူး၊ မတ္တရာဒေသတို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ၎င်းဒေသရှိ လက်ကျန်မြေပဲများ၊ ဈေးကွက်အတွင်းသို့ ရောက်ရှိမလာနိုင်ခြင်းနှင့် ဈေးကွက်အတွင်း၌ လက်ကျန်နည်းပါးနေခြင်းတို့ကြောင့် ယခုရက်ပိုင်းအတွင်း မြေပဲလုံးဆံဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

 


အဆိုပါမြေပဲလုံးဆံဈေးနှုန်းမှာ ပြီးခဲ့သည့် ဇွန်လအတွင်းက မြေပဲလုံးဆံ(အနီ) တစ်ပိဿာလျှင် ၃၄၀ဝ ကျပ်နှုန်းနှင့် အက်(စ်)ဝမ်းအဖြူ တစ်ပိဿာလျှင် ၃၂၀ဝ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် မြေပဲလုံးဆံ(အနီ)မှာ တစ်ပိဿာလျှင် ၄၀ဝ၀ ကျပ်နှုန်းနှင့်  အက်(စ်)ဝမ်းအဖြူမှာ တစ်ပိဿာလျှင် ၃၈၀ဝ ကျပ်နှုန်းအထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 


“မြေပဲလုံးဆံကို အဓိက အများဆုံးအနေနဲ့ တရုတ်နိုင်ငံက ဝယ်ယူပြီး ထိုင်းနိုင်ငံကလည်း ပုံမှန်ဝယ်ယူမှုတွေ ရှိနေတယ်။ လက်ရှိမှာ လက်ကျန်ကလည်း နည်းပါးနေတဲ့အပြင် ဝယ်လိုအားကလည်း ကောင်းနေတဲ့အတွက် ဈေးကွက်မှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့တဲ့ စံချိန်တင်ဈေးနှုန်းကို ရောက်ရှိလာတယ်။ နောက်ထပ် နေပြည်တော် တပ်ကုန်းမြို့နယ်က ထွက်ရှိလာမယ့် မြေပဲဆံကလည်း တစ်လခွဲလောက် လိုသေးတာဆိုတော့  ဒီကြားကာလမှာ ဈေးနှုန်းက ဒီထက်ပိုပြီး တက်လာနိုင်သေးတယ်”ဟု ၎င်းက ပြောသည်။

 


ယခင်နှစ်က ယခုလိုကာလတွင် အဆိုပါမြေပဲဆံဈေးနှုန်းမှာ မြေပဲလုံးဆံ(အနီ) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ နှုန်းနှင့် အက်(စ်)ဝမ်းအဖြူမှာ တစ်ပိဿာလျှင် ၂၈၀ဝ ကျပ်နှုန်းသာ ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် မြေပဲလုံးဆံ ဈေးနှုန်းများနှင့်အတူ မြေပဲဆီစစ်စစ် ဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ နှုန်းမှ ယခုရက်ပိုင်းတွင် ကျပ် ၉၀ဝ၀ နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

 


မြေပဲကို မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပြည်တွင်း စားသုံးရန်အတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချရန် အဓိကသီးနှံအဖြစ် အားထားစိုက်ပျိုးကြပြီး ၎င်းဒေသများအနက် မကွေးတိုင်းဒေသကြီးတွင် မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရသည်အထိ အများဆုံး ထွက်ရှိကြောင်း သိရသည်။

 


မင်းထက်အောင်(မန်းကိုယ်ပွား)