နေပြည်တော် ၂၀ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို- မြစ်ကြီးနားလမ်း မိုင် ၆/၁ နှင့် ၆၈/ဝ အတွင်း (၃၈)မိုင် တွင် ၁၂ ပေမှ ၁၈ ပေအကျယ် လမ်းသားတိုးချဲ့၍ ၁၈ ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းကို ဌာနနှင့် ကုမ္ပဏီ ၁၁ ဖွဲ့တို့မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ မိုင် ၃၈/၆ အနီး တွင် ကုမ္ပဏီမှ လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၎င်းလမ်း မိုင်တိုင် ၇၄/ဝ ရှိ ဇင်းရွာလမ်း စခန်းရှင်းလင်းဆောင်တွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ ၁၁ ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လုပ်ငန်းများ ဘဏ္ဍာနှစ်အတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဆင်ကုန်း- ဝန်းသို- ပင်လယ်ဘူး လမ်းပိုင်းရှိ တံတားအမှတ် ၄/ ၁၃ (၁၀ဝ) ပေအရှည် ဒုံးဒုတ်ချောင်း သစ်သားတံတားနှင့် တံတားအမှတ် ၁/၂၀ (၁၂၀)ပေ အရှည် ဦးစံ သစ်သားတံတား ၂ စင်း၏ ကြံ့ခိုင်မှု၊ ဝန်းသိုမြို့တွင်း၌ သံကူကွန်ကရစ် တံတားအသစ် တည်ဆောက်နေသော (၁၃၅) ပေအရှည် မောင်းကော်တံတား ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မော်တော်ယာဉ်ဖြင့် လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ရာ မိုင် ၃၁/၄ အနီး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားမှု၊ မိုင် ၂၉/၄တွင် ဌာနမှ စက် ယန္တရားများဖြင့် လမ်းသားချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး ဒုတိယဝန်ကြီးက ယခုလမ်းပိုင်းအများစုမှာ တောင်ပေါ်လမ်းအပိုင်းဖြစ်၍ ယခုမိုးရာသီတွင် ကွန်ကရစ်လမ်းခင်းပြီးသော အပိုင်းများ၊ လမ်းတာပေါင်များနှင့် လမ်းပခုံးများ ရေတိုက်စားမှု ရှိ/ မရှိ စောင့်ကြပ်ကြည့်ရှုပြုပြင်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


