နေပြည်တော် ၂၀ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ် တို့ကိုဆက်သွယ်သည့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်လမ်းအား စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်း၊ ကျောက်ခင်းခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပြည်-မန္တလေးလမ်းပေါ်ရှိ ဒေါင်းနေချောင်းတံတားသို့ရောက်ရှိပြီး တံတားကြီး ကြံ့ခိုင်မှုကိုကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါလမ်းပေါ်ရှိ အရှည်ပေ ၇၂၀ ပင်းချောင်းတံတားကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး တံတားကြီးများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ်စစ်ဆေးပေးရန် တာဝန်ရှိသူများကိုမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ထီးလိုမင်းလို စေတီတော်အား အဆောက်အဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၇)မှ ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ညောင်ဦး-ငါးသရောက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ သွားလာလွယ်ကူ အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းကျေးလက်လမ်း၊ တံတားများကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ ယခုညောင်ဦး-ငါးသရောက် လမ်းအပိုင်းကိုလည်း ကတ္တရာ လမ်းအဆင့်ဖြစ်အောင် ရန်ပုံငွေတင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ညောင်ဦး - ငါးသရောက်လမ်းသည် အရှည်(၁၂)မိုင် (၅)ဖာလုံရှိပြီးကျေးလက် လမ်းအဆင့်အတန်း Class A တွင်ပါဝင်ကာ ကျေးရွာ(၁၆)ရွာ၊ အိမ်ခြေ(၃၃၀၇)အိမ်၊ လူဦးရေ(၁၄၈၆၅)ဦးကို အကျိုးပြုမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာသည်အမျှ ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးပြီးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


