နေပြည်တော် ၂၀ ဇူလိုင်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသော (၁၁)ကြိမ် မြောက်လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် လူငယ်ရေးရာဆိုင်ရာအာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံ၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လူငယ်အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် လာအို ပလာဇာဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လူငယ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့အကြုံမျှဝေဖလှယ်ရေး၊ မြန်မာနိုင်ငံမှ စေတနာ့ဝန်ထမ်း လုပ်အားပေးလူငယ်များ၏ ပြည်သူ့အတွက်ရက်(၂၀) လှုပ်ရှားမှု အတွေ့အကြုံများ၊ လူငယ်ပေါ်လစီများနှင့် ပတ်သက်၍ အသီးသီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုများ၊ နှစ်နိုင်ငံဆက်ဆံရေး အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာကိစ္စနှင့် လာအိုနိုင်ငံနှင့် နှစ်နိုင်ငံလူငယ်များအချင်းချင်း ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံနိုင်ငံများအားလုံးရှိ လူငယ်များ တစ်စိတ်တစ်ဝမ်းတည်း အပြန်အလှန် ကူညီဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


