ရန်ကုန် ၂၀  ဇူလိုင် 


မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းက ကြီးမှူးကျင်းပမည့် နိုင်ငံအဆင့် MCPA Quick 2019 ပြိုင်ပွဲသို့ အစိုးရနှင့်ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်ကျောင်း ပေါင်းစုံမှ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ 


ပြိုင်ပွဲဝင်လိုသူများအနေနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တက္ကသိုလ်ကျောင်းများတွင် သြဂုတ် ပထမအပတ်တွင် စာရင်းပေး၍ Online စာမေးပွဲအတွက် သြဂုတ် ၂၃ ရက် နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ပြီး ပထမဆု ရသူများသည် ဗဟိုအဆင့်၊ နိုင်ငံတော်အဆင့်သို့ တက်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 


မေးခွန်းပုံစံမှာ Multiple Choice ဖြစ်ရာ FE Exam, Text Books မေးခွန်းဟောင်းများကို www.itpec.org/pastexamqa/fe.html တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး သိရှိလိုသည်များကို ဖုန်း ဝ၁-၆၅၂၂၇၆၊ ဝ၉-၅၀၆၇၁၆၈ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ 


ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗဟိုပြိုင်ပွဲကို အောက်တိုဘာ ၁၀ရက်၊ မွန်းလွဲ တစ်နာရီတွင် ကျင်းပမည်ဖြစ်၍ ယှဉ်ပြိုင်မည့် ကျောင်းသားများ အနေဖြင့် သက်ဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်များသို့ အခမဲ့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ 


မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်တွင် ပထမဆု ငွေကျပ်တစ်သိန်း၊ ဒုတိယဆု ငွေကျပ်ခြောက်သောင်းနှင့် တတိယဆု ငွေကျပ်လေးသောင်းခွဲတို့အား ချီးမြှင့်ပေးမည် ဖြစ်သည်။


နိုင်ငံတော်အဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်တွင် MICT Park ၊ Conference Hall ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်းများ ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။ 


သန့်ဇင်ဝင်း