နှမ်းတစ်တင်းစိုက်လျင် တင်း ၅၀ ခန့်ထွက်မည်ဟု တောင်သူများ မျှော်မှန်းထား

မကွေး  ၁၇  ဇူလိုင် 
        

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ နှမ်းဧက တစ်သိန်းရှစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး နှမ်းအပင်၊ အသီးအပွင့် ဖြစ်ထွန်းအားကောင်းနေသောကြောင့် နှမ်းတစ်တင်း (၂ဧက) စိုက်လျင် တင်း ၅၀ ခန့်ထွက်မည်ဟု မျှော်လင့်ထားကြောင်း မကွေးမြို့နယ်ရှိ ဒေသခံတောင်သူများထံမှ သိရသည်။
        

သွင်းအားစုအရင်းအနှီး၊ လုပ်သားခနှင့် ဈေးကွက်ပေါက်ဈေးများက တောင်သူများအတွက် နှစ်စဉ်ဖိအားများ ဖြစ်စေခဲ့သော်လည်း လက်ရှိပေါက်ဈေးနှင့် မျှော်လင့်အထွက်နှုန်းများသာ ရရှိခဲ့ပါက ယခင်နှစ်များကထက် အကျိုးအမြတ်များ ပိုမိုရရှိလိမ့်မည်ဟု ၎င်းတို့က ယုံကြည်နေကြသည်။ 
        

“ ရာသီဥတုမကောင်းလို့ နှမ်းတစ်စေ့မှ အိမ်ကိုမသယ်နိုင်တဲ့ နှစ်တွေရှိခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း မိုးဦးနောက်ကျလို့ နှစ်ခါပြန်စိုက်ရတဲ့တောင်သူတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျမိုးနဲ့ နှမ်းစိုက်ချိန် သဟဇာတဖြစ်သူတွေ လည်း အများကြီးရှိပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ နှမ်းခင်းတွေအခြေအနေက အထွက်ကောင်းပါလိမ့်မယ်။ တစ်တင်း စိုက်ရင် တင်း ၅၀ လောက်တော့ရမယ်လို့ မှန်းထားတယ် ” ဟု မကျီးကန်ကျေးရွာ နှမ်းစိုက်တောင်သူ ဦးသောင်းဌေးက ဆိုသည်။
        

စမုံနှမ်းနက် တစ်တင်းလျင် ငွေကျပ် (၈)သောင်းခွဲဝန်းကျင် ၊ နှမ်းအဖြူတစ်တင်း လျှင် ငွေကျပ် ငါးသောင်း ခြောက်ထောင် ဝန်းကျင်ဖြင့် လတ်တလောဈေးကွက်၌ ရောင်းဝယ်နေပြီး ကုန်သည်ကြီးများ အသိုင်းအဝိုင်းက သီးနှံပေါ်ချိန်တွင် နှမ်းဈေးအေးနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
        

နှမ်းတစ်တင်းစိုက်လျှင် ထယ်ရေးပြင်(ယာထွန်) ၊ နွားချေးချ ၊ နှမ်းကျဲ ၊ပေါင်းနုတ် ၊ မြေသြဇာပက် ၊ ဆေးဖျန်း ၊ နှမ်းနုတ် ၊နှမ်းခါ စသည့်လုပ်ငန်းစဉ်များနှင့် မျိုးစေ့ဖိုးမှာ ငွေကျပ်ဆယ်သိန်း ဝန်းကျင်ကုန်ကျပြီး မျှော်မှန်းထွက်နှုန်းနှင့် လက်ရှိ ပေါက်ဈေးနှုန်းသာ ရရှိပါက သိန်း ၂၀ ဝန်းကျင်ခန့် အမြတ်ထွက်နိုင်ကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။ 

                                                                    

ဇေယျတု(မကွေး)

 

1