ထန်းပင်ကန်ကျေးရွာတွင် မိုးကောင်း၍ ဆယ်နှစ်တာကာလအတွင်း နှမ်းအကောင်းဆုံး ဖြစ်ထွန်း

မလှိုင် ၁၄ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ထန်းပင်ကန်အုပ်စု ထန်းပင်ကန်ကျေးရွာတွင် မိုးကောင်းစွာရွာသွန်းခဲ့၍ ဆယ်နှစ်တာကာလအတွင်း ယခုနှစ်၌ နှမ်းအကောင်းဖြစ်ထွန်းခဲ့တယ်လို့ ဒေသခံတောင်သူများထံမှ သိရသည်။

 

ထန်းပင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးလှဖေက "နှမ်းစိုက်လာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ယခုနှစ်က နှမ်းအဖြစ်ဆုံးပါ။ နှမ်းကို ရပ်ပေါင်း ၆၀ လောက်စိုက်ပျိုးရပြီး ကျွန်တော် အခြောက်စိုက်ထားတာပါ။ မေ ၁၅ ရက်နေ့မှာ စစိုက်ခဲ့ပြီး ၂၃ ရက်နေ့က မိုးရွာသွန်းခဲ့တာပါ။ စိုက်ခဲ့တာ တစ်လခွဲလောက်ရှိပါပြီ။ နှစ်လခွဲလောက်ကျမှ ရိတ်ရမယ်။ အခုတော့ အပွင့်လည်း မြိုင်တုန်းရှိသေးတယ်။ နှမ်းခေါင်းမကြိုးသေးပါဘူး။ မနှစ်က နှမ်းအဟောင်းက အခု လေးသောင်းခွဲ ငါးသောင်းကျပ်ခန့်ပေါက်တယ်။ ယခုနှစ် ထွက်မဲ့နှမ်းကို တစ်တင်း သုံးသောင်းကျပ်လောက်ရဖို့ မျှော်လင့်တယ်။ မိုးကောင်းလို့လည်း ဖြစ်တာပါ။ တစ်ခါမှလည်း ဒီလောက်မကောင်းဘူးပါဘူး" ဟု ပြောသည်။

 

ထန်းပင်ကန်ကျေးရွာတွင် နှမ်းစိုက်ချိန်စော၍ ပထမမိုးမီခဲ့သူများမှာ နှမ်းဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပြီး နှမ်းစိုက်နောက်ကျသည့် တောင်သူများရှိသော်လည်း မိုးကောင်း၍ မိမိတို့ကျေးရွာရှိ နှမ်းစိုက်တောင်သူအားလုံး နှမ်းဖြစ်ထွန်းမှု ကောင်းမွန်တယ်လို့ ဒေသခံနှမ်းစိုက်တောင်သူတွေက ပြောသည်။

 

"ကျွန်တော့်ရွာမှာ နှမ်းက ကောင်းပါတယ်။ မိုးပေါ့နော်။ စိုက်တဲ့ပျိုးတဲ့အချိန် မိုးလေးအချိန်မီရွာတော့ ကောင်းတာပေါ့။ ကျွန်တော်လုပ်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်းမှာ အရင်နှစ်တွေနဲ့ယှဉ်ရင် ဒီနှစ်က အကောင်းဆုံးပါ။ ဒီဘက်မှာတော့ ရက်ခြောက်ဆယ်/ကံရှိ/စိန်ခို အစရှိတဲ့ နှမ်းအမျိုးအစား သုံးမျိုးလောက်စိုက်ပါတယ်။ စိန်ခိုစိုက်ပါတယ်။ ကျွန်တော်ကတော့ ရက်ခြောက်ဆယ်နဲ့ စိန်ခိုအမျိုးအစားကို စိုက်တယ်။ ခုစိုက်တာ ရက်ပေါင်း ၄၀ လောက်ရှိပြီမို့ ရက်ပေါင်း ၇၀ လောက်ဆို ရိတ်သိမ်းနိုင်မှာပါ။ မနှစ်ကနဲ့စာလျှင် ဒီနှစ်နှမ်းပိုထွက်မယ်လို့ မျှော်လင့်ပါတယ်။ မနှစ်ကလည်း ရာသီဥတု မကောင်းတော့ မထွက်ဘူး။ ဈေးလည်းမကောင်းဘူး။ နှစ်သောင်းခွဲ နှစ်သောင်းလောက်ပဲ ရှိခဲ့တယ်။ ဒီနှစ် နှမ်းကို အစိတ်စိုက်တာမို့ တစ်ဧကကို နှမ်းနှစ်ပြည်လောက် စိုက်ခဲ့တယ်။ တစ်ဧကကို (၇)တင်းလောက် ထွက်မယ်ထင်ပါတယ်"လို့ ထန်းပင်ကန်ရွာနေ ဦးရဲအောင်က ဆိုသည်။

 

မလှိုင်မြို့နယ်တွင် ထန်းပင်ကန်အုပ်စုရှိ ကျေးရွာများ၊ လယ်ကြီးကျေးရွာအုပ်စုနှင့် ကျေးရွာများတွင် မိုးကောင်း၍ နှမ်းဖြစ်ထွန်းသော်လည်း နှောကန်ကျေးရွာ၊ မကျည်းပင်ပုကျေးရွာ အစရှိသည့် မိုးမရွာသွန်းသည့် ကျေးရွာအချို့တွင် နှမ်းမဖြစ်ထွန်းမှုများလည်း ရှိနေတယ်လို့ စုံစမ်းသိရှိရသည်။

 

ဘိုဘို(မလှိုင်)