နေပြည်တော် ၁၀ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင် (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) တက်ရောက်ပြီး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ ၂၀ မှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ လူထုအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အမျိုးသမီး ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် အဖွဲ့အစည်း ၃၄ ဖွဲ့မှ ကိုယ်စားလှယ် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ရမည်၊ တရားမျှတမှုရှိရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည် ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) အရ ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး မှန်ကန်သည့်မဲစာရင်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းရရှိရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ သတ်မှတ်နေ့ရက်များတွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲထံ အကြောင်းကြားပြီး သတ်မှတ်ပုံစံဖြင့် ရယူလျှောက်ထားနိုင်ကြောင်း၊ ထို့အတူ မဲစာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေပါက ကန့်ကွက်နိုင်ကြောင်း၊ ပြင်ဆင်ရန်လိုအပ်ပါက သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်နိုင်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များတွင်လည်း နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာဖြင့် လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်းနှင့် ကူညီဆောင်ရွက်နိုင်သည့် ကိစ္စများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ပါ ရည်မှန်းချက် ပန်းတိုင်များအကြောင်းနှင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ဖြစ်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် အကြံပြုဆွေးနွေးချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


