နေပြည်တော် ၁၀ ဇူလိုင်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၅)ခုခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၉၃ ဒသမ ၂၀ဝ) သန်းနှင့် ကျပ် (၇၈၃၆ ဒသမ ဝ၆၆) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၅၃၅) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁၇၂၅) ခု ရင်းနှီးမြှုပ်နှံ လျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၈၀၂၃၄ ဒသမ ၄၁၇) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂)ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၉၄ %)၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၄၀ %)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၃ ဒသမ ၅၉ %)ဖြင့် ရင်းနှီးမြှုပ်နှံထားရှိသည်။
သတင်းစဉ်


