ရန်ကုန် ၈ ဇူလိုင်
(၇၂)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက်ကို အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး ယခုနှစ်တွင် အထူးအစီအစဉ်နှစ်ရပ်ဖြင့် ပြသမည့်ပြခန်းပြင်ဆင်မှုမှာ သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ အများပြည်သူကြည့်ရှုလေ့လာရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ပြတိုက်မှ သိရသည်။
“အေးအေးဆေးဆေး လေ့လာကြည့်ရှုချင်တယ်ဆိုင်ရင်(၂၀)၊ (၂၁)ရက်မှာလည်း လာရောက် ကြည့်ရှုလို့ရပါတယ်။ ပြသတဲ့(၃)ရက်မှာ ဧည့်ခန်းနဲ့ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို ပြသထားမှာပါ။ အာဇာနည်နေ့မှာ ပရိသတ်က သုံးသောင်းကျော်လာကြည့်နိုင်တယ်လို့ ခန့်မှန်း ထားတာကြောင့် လူများလို့ နောက်ရက်မှ လာကြည့်လို့လည်းရပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီး နောက် ဒေါ်ခင်ကြည်မိသားစုနေထိုင်ခဲ့တဲ့ ဧည့်ခန်းပုံစံနဲ့ အပေါ်ထပ်က ဗိုလ်ချုပ်အဝတ်အစားတွေကို ဒီနှစ်မှာ ပြသဖို့ပြင်ဆင်နေတာ ဇူလိုင်(၇)ရက်နေ့က ပြီးစီးသွားပါပြီ။ လေ့လာကြည့်ရှုဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ပြတိုက်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး က ပြောသည်။
အာဇာနည်နေ့သည် ရုံးပိတ်ရက်နေ့ ဖြစ်တာကြောင့် ရန်ကုန်မြို့ရှိ အများပြည်သူကြည့်ရှုရာ ပြတိုက်များ ပိတ်ထားမည်ဖြစ်ပြီး ဗိုလ်ချုပ်ပြတိုက်တစ်ခုတည်းသာ ထိုနေ့တွင်နံက်(၆)နာရီမှ ည(၆)နာရီထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး ဇူလိုင် (၂၀ ၊ ၂၁)ရက်များတွင်လည်း အများပြည်သူကို ဆက်လက်ပြသသွားမည်ဖြစ်သည်။
ဗိုလ်ချုပ်ပြတိုက် အဝင်တံခါးမှ စတင်ဝင်ရောက်ပါက (၁၉၄၇)ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းကရရှိထ ားသော အင်္ဂလန်နိုင်ငံထုတ် Wolseley ကားကိုတွေ့ရှိရမည်ဖြစ်ပြီး ပြတိုက်အတက်ပတ်လမ်းတစ် လျှောက် ပြသထားသည့် ဗိ်ုလ်ချုပ်ပုံပါသော ပိုက်ဆံနှင့် တံဆိပ်ခေါင်းများကို လေ့လာခွင့်ရရှိမည် ဖြစ်ကာ ပြတိုက်အိမ်ရှေ့ ညာဘက်ခြမ်းရှိ ဗိုလ်ချုပ်အနားယူစာဖတ်ရာ အဝိုင်းပေါင်းမိုးအောက် တွင် စာဖတ်နေသည့် စီလီကွန်ရုပ်ထုဗိုလ်ချုပ်ပုံကို ဦးစွာတွေ့မြင်ရမည်ဖြစ်သည်။ ဆက်လက်၍ ပြတိုက်အတွင်းဝင်ပါက မိသားစုထမင်းစားခန်း၊ ဗိုလ်ချုပ် ငယ်ဘဝ၊ ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ ဗိုလ်ချုပ်မိသားစုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု၍ ပြတိုက်အပြင်သို့ ပြန်ထွက်ကာ ဗိ်ုလ်ချုပ်ရှိစဉ်က စိုက်ပျိုးခဲ့သော သလဲပင်ကို ကြည့်ရှုပြီး (၁၉၄၉)ခုနှစ်က မှတ်တမ်းဓာတ်ပုံဖြစ်သော အောက်ထပ်ဧည့်ခန်းတွင် ဒေါ်ခင်ကြည်နှင့် ဦးအောင်ဆန်းလင်း၊ ဦးအောင်ဆန်းဦးတိုနှင့် ဗိုလ်ချုပ်ပန်းချီကားကို နောက်ခံပြုထားသည့် ဧည့်ခန်းခင်းကျင်းထားမှုကို တွေ့မြင်ရမည်ဖြစ်သည်။
ဓာတ်ပုံ -သန်းစိုး-သန်းထိုက်


