လာမည့် ဘဏ္ဍာနှစ်တွင် နယ်စပ်စခန်းများမှ တစ်သျှူးငှက်ပျော တင်ပို့မှုမှ ဒေါ်လာ သန်း၅၀ နီပါးရရှိရန် မျှော်မှန်းထား

mdn

ရန်ကုန် ၇ ဧပြီ

 

လာမည့် ဘဏ္ဍာနှစ်တွင်  နယ်စပ်စခန်းများမှ တစ်သျှူးငှက်ပျော တန်ချိန် နှစ်သိန်း နီးပါးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၅၀ နီပါး ရရှိရန်မျော်မှန်းထားကြောင်း တစ်သျှူးငှက်ပျော လုပ်ငန်းရှင်များထံမှ သိရသည်။

 

တစ်သျှူးငှက်ပျောကို နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုးတုံစခန်းများမှ တင်ပို့နေပြီး အဓိကအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်ဘက်တွင် အများအပြား စိုက်ပျိုးမှုမှ တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

“တစ်သျှူး ငှက်ပျောက တရုတ်ဘက် အများဆုံးပို့တယ်။ ထိုင်းဘက် နည်းနည်းအဝယ်ရှိတယ်။ ကချင်ဘက်မှာပဲ စိုက်ပြီးတော့ စိုက်ပျိုးမြေ ဈေးကလည်း ကြီးတယ်” ဟု တစ်သျှူးငှက်ပျောလုပ်ငန်းရှင် ဦးချန်ဂျုံက ပြောသည်။

 

ထိုနယ်စပ် စခန်းများ၏ အဓိကပို့ကုန် တစ်သျှူးငှက်ပျောကိုလည်း တရုတ်နိုင်ငံမှ ဘိန်းအစားထိုး သီးနှံအဖြစ် ဝယ်ယူခြင်းဖြစ်ပြီး အော်ဂဲနစ်သဘာဝ ဓာတ်မြေဩဇာဖြင့် စိုက်ပျိုးထားခြင်းဖြစ်ရာ တရုတ်နိုင်ငံမှ ထွက်သမျှ ဝယ်ယူမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် အရည်အသွေးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် Chemical များ ပါဝင်သည့် ဓါတ်မြေဩဇာများ မသုံးကြစေ လိုကြောင်း ၎င်းကဆိုသည်။

 

လက်ရှိတွင် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ဧကပေါင်း ၂၅,ဝ၀ဝ ကျော် စိုက်ပျိုးထားပြီး တစ်နှစ်ထက် တစ်နှစ် တိုးတက်စိုက်ပျိုး လာကြောင်း သိရသည်။

 

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် တစ်သျှူးငှက်ပျော စိုက်ခင်းများ အတွက် မြေဧက အများအပြားကို ဝယ်ယူလျက်ရှိကြောင်း မြစ်ကြီးနား၊ မိုးမောက်၊ မံစီ၊ ဝိ်ုင်းမော်၊ရွှေကူ မြို့နယ်တို့တွင် တစ်သျှူးငှက်ပျော အများဆုံး စိုက်ပျိုးကြပြီး တရုတ်နိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်များကိုယ်တိုင် ငှက်ပျော စိုက်ခင်းများတွင် လာရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

 

“ တရုတ်က ဝယ်လက်ရှိတော့ စိုက်ကြတာ။ နှစ်စဉ်တော့ တန် တစ်သိန်းခွဲကျော် လောက်ပို့နေတာ။ အခွန်အခ သက်သာသလို ဘိန်းအစားထိုး သီးနှံလည်း ဖြစ်တယ်။ နောက်ပိုင်း နည်းပညာမြင့် စိုက်လာကြတော့ ပိုပြီး အထွက်နှုန်း မြင့်လာတယ်” ဟု မြစ်ကြီးနားရှိ တစ်သျှူးငှက်ပျော ကုန်သည် ဦးရန်ဂျာဆိုင်းက ပြောသည်။

 

ဝိုင်းမော်ရှိ တစ်သျှူးငှက်ပျောကုန်သည်တစ်ဦး၏ စာရင်းအရ ကချင်တစ်ပြည်နယ်လုံးမှာ တစ်ရှူးငှက်ပျော စိုက်ဧက လေးသောင်းဝန်းကျင်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်ရှူးငှက်ပျော စိုက်ပျိုးရေးကဏ္ဍမှ အခွန်ငွေ ကျပ်သန်း ခုနှစ်ရာကျော် ရရှိခဲ့ပြီး အခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ငါးရာနီးပါး အခွန်ရရှိခဲ့ကြောင်း သိရသည်။

 

မြတ်သူ(AMIA)/ဓာတ်ပုံ- ကေဇူး(AMIA)