သွင်းကုန် တင်သွင်းမှု လျော့ချခြင်းဖြင့် ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုလိုငွေ တဖြည်းဖြည်း လျော့ချသွားမည်

ရန်ကုန် ၇ ဧပြီ

 

၂ဝ၁၇ ခုနှစ် ဧပြီလမှ ၂ဝ၁၈ မတ်လအထိ မြန်မာ့ပို့ကုန်ပမာဏ မြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလိုငွေပြမှု သိသိသာသာ ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိ ရသည်။

 

“ အခုနှစ် မြန်မာပို့ကုန်ပမာဏ တိုးတက်လာရခြင်း အဓိကအကြောင်းအရင်းမှာ ဆန်တင်ပို့မှုသည် ယခင်နှစ်ကထက် မြင့်တက်လာပါတယ်၊ ဒီနှစ်ထဲမှာ RE EXPORT (သွင်းကုန်ကို ပြည်ပသို့ တစ်ဖန်ပြန်ပို့မှု)ကလည်း များပြားခဲ့ပါတယ်၊ ထိုင်းက သကြားကို တရုတ်၊ အခြားနိုင်ငံတွေကို ပြန်ပို့တယ်၊ ဒီအတွက်ကြောင့်လည်း ကုန်သွယ်မှု လိုငွေပြမှုက သိသိသာသာ ကျဆင်းလာခြင်း ဖြစ်တယ်” ဟု ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၉၁၂ ဒသမ ၂၇၇ ရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၃၉၈ ဒသမ ၂၁ဝ ရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိကြောင်း၊ ယင်းကုန်သွယ်မှုလိုငွေမှာ ပြီးခဲ့သည့်နှစ် အလားတူကာလ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၉၉၈ ဒသမ ၅၄၄ ရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၇၂၁၁ ဒသမ ဝ၆၂ ရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ၅ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံသာရှိ၍ ကုန်သွယ်မှုလိုငွေ သိသိသာသာ ကျဆင်းလာကြောင်း သိရပါသည်။

 

ယခုနှစ်တွင် ပဲမျိုးစုံတင်ပို့မှု ကျဆင်းခဲ့သော်လည်း ဆန်တင်ပို့မှု သိသိသာသာ မြင့်တက်ခဲ့သည့်အတွက် မြန်မာ့ ပို့ကုန်ပမာဏ မြင့်တက်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်ခြင်းကြောင့် ပို့ကုန်ထက် သွင်းကုန်မှာ များပြား နေဆဲဖြစ်၍ ပို့ကုန်ထက်သွင်းကုန် များပြား နေမည်ဖြစ်လျှင် လိုငွေပြမည်ဖြစ်သည်။

 

ပို့ကုန် တင်ပို့မှုများပြားလာလျှင် လိုငွေပြမှု ကျဆင်းလာမည်ဖြစ်ကာ နိုင်ငံခြားငွေအရန် ငွေကြေးထားရှိကာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လာမည့်နှစ်များအတွင်း မြန်မာ့ပို့ကုန်အနေအထားမှာ ဆန်နှင့် ပဲမျိုးစုံအပြင်RE EXPORTလုပ်ငန်းများ တိုးတက် လာခြင်း၊ သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာခြင်းတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကာ ကုန်သွယ်မှုလိုငွေပြမှုကို တဖြည်းဖြည်း လျှော့ချလာမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

 

မြတ်သူ(AMIA)/ ဓာတ်ပုံ-ဖြိုးလွင်အောင်(AMIA)