မြန်မာ့စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဟောပြောပွဲနှင့် အရောင်းပြပွဲကို မန္တလေးမှာ ပထမဆုံးအကြိမ် ကျင်းပ

မန္တလေး ၂၈ မတ်

 

မြန်မာ့စားသောက်ကုန် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဟောပြောပွဲနှင့် စားသောက်ကုန် အရောင်းပြပွဲကို မန္တလေးမြို့ ၊ မြို့တော်ခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။

 

စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ စားသောက်ကုန်များဖွံံ့ဖြိုးတိုးတက်ရေး ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး၊ ပြည်ပသို့ အရည်အသွေးအဆင့်မီသော စားသောက်ကုန်များ တင်ပို့ရောင်းချရေး စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့စားသောက်ကုန် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဟောပြောပွဲနှင့် စားသောက်ကုန် အရောင်းပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

 

‘စားသောက်ကုန်အသင်းက ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်ရေး အဓိက ဦးတည်ပြီး အရင်ကတည်းက ဆောင်ရွက်နေပါတယ်။ ခရိုင်တွေမှာလည်း ဟောပြောပွဲတွေ လုပ်တယ်။ အခုကျွန်တော်တို့က ဆရာကြီးဒေါက်တာအောင်ထွန်းသက်ရဲ့ စကားအတိုင်း စီးပွားရေးသည် အဓိက ကျတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့အနေနဲ့ မြန်မာ့စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဟောပြောပွဲကို အသင်းအနေနဲ့ ပထမဆုံးဆောင်ရွက်တာပါ’ ဟု မန္တလေးတိုင်းဒေသကြီး စားသောက်ကုန် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစန်းဝင်း မှပြောသည်။

 

မြန်မာ့စားသောက်ကုန် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ခေါင်းစဉ်ဖြင့် စားသောက်ကုန်နှင့် ပတ်သက်သော အချက်အလက်များအား အသိပေးခြင်းအတွက် ဆရာကြီးဒေါက်တာအောင်ထွန်းသက်၊ စားသုံးသူရေးရာ ဗဟိုကော်မတီဝင် ဒေါက်တာအောင်မြင့်၊ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးတို့မှ ဟောပြောမည်ဖြစ်သည်။

 

ဟောပြောပွဲနှင့်ပြပွဲကို မတ်လ ၂၇ ရက် ၊ ၂၈ ရက် တို့တွင်ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာစားသောကုန်များဖြစ်သည့် မုန့်လက်ဆောင်း ၊ ခနုံထုပ် ၊ ငှက်ပျောသီးကျော် ၊ လက်ဖက် စသည့် ပြခန်းများ အပါအဝင် ပြခန်းပေါင်း ၇၅ ခန်းပါဝင်ပြသကြောင်းသိရသည်။

 

 

အိမို့မို့ခိုင်