ပြည်ပဝယ်လိုအားကောင်းမှုကြောင့် ဈေးကောင်းနေသည့် မြန်မာ့စမုံနှမ်းနက်

ရေနံချောင်း ၁၆ ဇွန်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ထွက် စမုံနက်နှမ်းများကို ပြည်ပဝယ်လက်မှ ဝယ်ယူသောကြောင့် ဈေးကောင်းနေကြောင်း နှမ်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

သမန္တင်ကျေးရွာနေ  စမုံနက်နှမ်းစိုက် တောင်သူဦးအောင်ဌေးက “ ကျွန်တော်တို့ ရေသွင်းစိုက်တဲ့ စမုံနက်နှမ်းတွေ ရိတ်သိမ်းနေကြပါပြီ။ အရည်အသွေးကောင်းတဲ့အပြင် နေခြောက်မိုးခြောက်ဖြစ်တဲ့အတွက် စမုံနက်နှမ်းတစ်တင်းကို ကျပ် ၈၀ဝ၀ဝ ပေါက်ဈေးရောင်းရတယ်။ ယခင်နှစ်ကဆိုရင်ကျပ် ၆၇၀ဝ၀ ဝန်းကျင်ပဲရှိတယ်” ဟုပြောသည်။

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွှတ်ကျေးရွာ၊ ဝက်မစွတ်ကျေးရွာ၊ မန်မြေကျေးရွာ၊ ဘူးကျွန်းကျေးရွာ၊ ကျမ်းကိုင်ကျွန်းကျေးရွာ ၊ ပင်းဝကျေးရွာများ၌ စမုံနက်နှမ်းကိုအဝီစိတွင်းများဖြင့် စိုက်ပျိုးကြရာအထွက်နှုန်း ကောင်းခဲ့ကြောင်း သိရသည်။

“ယခုအသစ်ပေါ်တဲ့နှမ်းကို နွေနှမ်းလိုလည်း ခေါ်ကြတယ်။ နွေမှာစိုက်တာမို့ခေါ်ကြတာပါ။ အထွက်ကလည်း နှမ်းတစ်ဧကကို ၈ တင်းဝန်းကျင်ထွက်တယ်။ လက်ရှိပေါက်ဈေးအရ တစ်ဧကစိုက်ရင်ကျပ် ၆ သိန်းဝန်းကျင်ရပြီး ဧကများများစိုက်သူတွေပိုပြီး တွက်ခြေကိုက်တယ်”ဟုရေနံချောင်းမြို့နယ်မှတောင်သူ ဦးသိန်းသိန်းက ပြောသည်။

စမုံနက်နှမ်းကို ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့ တင်ပို့ကြပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် တိုင်းရင်းပရဆေးကုန်ကြမ်းအဖြစ် တွင်ကျယ်စွာ အသုံးပြုကြကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်တွင် ယခုနှစ် နှမ်းစိုက်ဧကမှာ မိုးနှမ်း ၄၃၉၇၇ ဧက ၊ ဆောင်းနှမ်း၇၄၇ ဧက၊ နွေနှမ်း ၁၀၆၁ ဧက လျာထားကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆန်းညွန့်(ရေနံချောင်း)