မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပမည့် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ရန် စီစဉ်

မန္တလေး  ၆ ဇွန်

 


မန္တလေးတိုင်းဒေသကြီး    အစိုးရအဖွဲ့က ဦးစီးကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခု ဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မန္တလေး) ဒုတိယဥက္ကဌ (၁) ဦးကျော်ဇောအောင်က ပြောသည်။

 

ပြည်တွင်းကျောက်မျက်လုပ်ငန်းရှင်များ ဈေးကွက်ရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် ကျောက်မျက်ရတနာပြပွဲကိုကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

 

‘မန္တလေးမှာ ပြပွဲလုပ်ချင်တဲ့အစီစဉ်လေးတွေရှိတယ်။ အကုန်လုံးအစည်းအဝေးထိုင်နေစဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြဖို့ကြိုးစားနေပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးပြီးကျင်းပတဲ့ပွဲ ။ စာတွေသေချာတင်မယ်။ အဖွဲစုံနဲ့ ကော်မတီတွေဖွဲ့ပြီး အစီစဉ်တွေ ဆောင်ရွက်နေစဲပဲရှိသေးတယ်။ သေချာရင် သတင်းပြန်ပေးမယ်’ဟု ဦးကျော်ဇောအောင်က ပြောသည်။

 

အဆိုပါကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက် အရိုင်း၊ အချောထည်များကို ပြသရောင်းချသွား မည်ဖြစ်ပြီး အခြားကျောက်မျက်ရတနာပြပွဲများနှင့် မတိုက်သည့် ရက်များတွင် ပြပွဲကျင်းပမည် ဖြစ်ကြောင်းသိရသည်။

 

‘အချိန်က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု အစိုးရကလုပ်တဲ့ ကျောက်မျက်ပွဲတွေ၊ မြန်မာပွဲတွေ၊ နိုင်ငံတကာပွဲတွေပြုလုပ်တဲ့ ရက်တွေနဲ့ရှောင်ပြီး ကျင်းပမှာပါ။ လောလောဆယ် ရက်မသတ်မှတ်ရသေး၊  လလည်း မသတ်မှတ်ရသေးဘူး’ ဟု ဦးကျော်ဇောအောင်က ဆိုသည်။


မန္တလေးမြို့ ရတနာမောတွင် ပထမအကြိမ် နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲ ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပပြုလုပ်ခဲ့သည်။

 


အိမို့မို့ခိုင်